ရန်ကုန်၊ စက်တင်ဘာ ၁၅
NGO/ INGO များအနေဖြင့် အစိုးရဌာနအဖွဲ့အစည်းများ၏ ထောက်ခံချက်ယူ၍ မှတ်ပုံတင်ရန် မဖြစ်မနေလိုအပ်ကြောင်း ယမန်နေ့က နေပြည်တော်၌ ပြုလုပ်သည့် အလုပ်ရုံဆွေး နွေးပွဲ၌ ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာတွင် ယနေ့သတင်းထုတ်ပြန်ထားသည်။
အဆိုပါ အခမ်းအနားတွင် ပြည်ထဲရေးဝန်ကြီးက မိမိတို့နိုင်ငံသည် ဖွံဖြိုးဆဲနိုင်ငံဖြစ်သည့်အတွက် ကျေးလက်၊ နယ်စပ်နှင့် ဝေးလံခေါင်သီသော ဒေသများ၏ ဖွံ့ ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသင်းအဖွဲ့များ၏ အားကိုယူရကြောင်းအသင်းအဖွဲ့များကလည်း ဥပဒေနှင့်အညီ အကူအညီပေးနိုင်ရန်အတွက် မှတ်ပုံတင်ရေးလုပ်ငန်းစဉ်ကို မဖြစ်မနေ ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
ထိုသို့ မှတ်ပုံတင်ရန် လျှောက်ထားရာတွင် အစိုးရဌာနအဖွဲ့အစည်းများ၏ ထောက်ခံချက်များ လိုအပ်ကြောင်း၊ ပြည်တွင်းရှိ အသင်းအဖွဲ့များ၏ အကူအညီပေးရေးလုပ်ငန်းအပေါ် အကဲဖြတ်သတ်မှတ်သည့် အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့၏ အကဲဖြတ်အစီရင်ခံစာအရ ပရဟိတအဖွဲ့များသည် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ ရာ၌ အသုံးချခံရနိုင်ခြေ များသည့်အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာစံနှုန်းများကို လိုက်နာဆောင်ရွက်မှု အားနည်းသည်ဟု သတ်မှတ်ခံရကြောင်းနှင့် ထို့ကြောင့် NGO / INGO များအနေဖြင့် ဥပဒေနှင့်အညီဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်ဟု သတင်းဖော်ပြချက်အရ သိရသည်။
ထိုသို့ NGO / INGO များအား မှတ်ပုံတင်ဆောင်ရွက်ရန် လုပ်ဆောင်နေသည့်အပေါ် ပြည်တွင်းရှိ NGO တစ်ခုတွင် လုပ်ကိုင်နေသူတစ်ဦးက “ သူတို့ပြောသလို တစ်ဖက်အဖွဲ့ အစည်းတွေက ထောက်ပံ့တာမျိုး တချို့အဖွဲ့တွမှာ ရှိကောင်းရှိနိုင်ပေမဲ့ အသင်းအဖွဲ့အများစုကတော့ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းတွေကိုပဲ လုပ်ကိုင်ကြ တာပါ။ နိုင် ငံရေးနဲ့ မပတ်သတ်တာမျိုးတွေကိုပဲ လုပ်ဆောင်ကြတာ များပါတယ်။” ဟု ပြောသည်။
မှတ်ပုံတင်ရမည်ဆိုပါကလည်း တင်မည်ဖြစ်ကြောင်း။ သို့သော် အစိုးရဌာန၏ ထောက်ခံချက်ပါ ပါရမည်ဆိုသည်နှင့် ပတ်သက်၍ လက်ရှိအခြေအနေအရ မှတ်ပုံတင်ရန် ကြာ မြင့်မည့်အချိန်နှင့် စည်းကမ်းသတ်မှတ်ချက်များ ရှင်းလင်းစွာ သိရှိရန်လိုအပ်ပြီး လက်ရှိဖြစ်ပေါ်နေသည့် အခက်အခဲများအား ဖြေလျော့ပေးရန် လိုအပ်ကြောင်း ၎င်းက ဆက် လက်ပြောကြားသည်။
ပြီးခဲ့သည့် ဩဂုတ် ၃၀ ရက်က နေပြည်တော်၌ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် နစကဥက္ကဌက INGO နှင့် NGO အဖွဲ့များကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ် ဆောင်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် စနစ်တကျကြပ်မတ် ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း၊ အချို့သော ပြည်ပအကူအညီများသည် INGO ၊ NGO များမှ တစ်ဆင့် မျှဝေဆောင်ရွက်ခြင်းဖြစ်ပြီး ၎င်းတို့ကို အကူအညီပေးနေသည့် အဖွဲ့အစည်း၊ နိုင်ငံများက အသုံးချမှုများရှိကြောင်း ပြောကြားခဲ့ပြီးနောက် ယခုအခါ အဆိုပါ အသင်းအဖွဲ့ များအား မှတ်ပုံတင်ရန် ဆောင်ရွက်လာခြင်းဟုလည်း ပြောဆိုမှုများ ရှိသည်။
ပြီးခဲ့သည့် မိုခါမုန်တိုင်းကာလအတွင်းကလည်း ရခိုင်ပြည်နယ်အတွင်းသို့ ကယ်ဆယ်ရေးလုပ်ဆောင်နေသည့် အဖွဲ့များအားလုံး ရပ်ဆိုင်းရန် ဒေသအာဏာပိုင်များက ပြောဆိုခဲ့ရာ ဝေဖန်မှုများ မြင့်တက်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူက တားမြစ်မှု မရှိကြောင်းနှင့် သက်ဆိုင်ရာသို့ အသိပေးရန်သာလိုကြောင်း ပြန်လည်ရှင်းလင်း ပြောကြားခဲ့ သည်။
လတ်တလော၌ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည့် ဒေသများနှင့် သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် ဒေသများသို့ INGO အဖွဲ့များ၊ NGO အဖွဲ့များက သွားရောက်ကူညီရာ တွင် တင်းကြပ်သည့် စစ်ဆေးမှုများရှိနေကြောင်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းကို လုပ်ဆောင်နေသူများက ပြောကြားသည်။
မောင်ဇော်
ဓာတ်ပုံ – နိုင်ငံပိုင် မီဒီယာ
NGO/INGO များ အစိုးရဌာနအဖွဲ့များ၏ ထောက်ခံချက်ယူ၍ မှတ်ပုံတင် မဖြစ်မနေ လုပ်ရမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်