Move Forward Party ပါတီဖျက်သိမ်းခံရမည်ဆိုလျှင် ထိုင်းနိုင်ငံရေးလောကကို ကြီးမားသောဂယက်ရိုက်မှုများဖြစ်လာမည်ဟု ဆို

ဘန်ကောက်၊ ဇွန် ၁၀

ထိုင်းရွေးကောက်ပွဲတွင် မဲအများဆုံးအနိုင်ရခဲ့သော ရှေ့သို့ချီပါတီ Move Forward Party (MFP)ခေါင်းဆောင်က ၎င်းတို့ပါတီ ဖျက်သိမ်းခံရမည်ဆိုလျှင် ထိုင်းနိုင်ငံရေးလောက အတွင်း ကြီးမားသော ဂယက်ရိုက်မှုများ ဖြစ်လာနိုင်ဖွယ်ရှိနေပြီး၊ ဒီမိုကရေစီ တိုက်ခိုက်ခံရခြင်း ဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း ပြောသည်။

အဆိုပါ ပါတီသည် ပြီးခဲ့သောနှစ်ကကျင်းပခဲ့သော ရွေးကောက်ပွဲတွင် မဲအများဆုံးအနိုင်ရခဲ့သောပါတီဖြစ်ပြီး၊ လွှတ်တော်အတွင်း လွှတ်တော်ကိုယ်စားလှယ် အများဆုံးရရှိနေသည့်ပါတီဖြစ်ကြောင်း သိရသည်။

အဆိုပါတီသည် ပါတီခေါင်းဆောင် ပီတကို ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းခဲ့သော်လည်း ထိုင်းဘုရင်စနစ်ကို အားပေးထောက်ခံပြီး ထိုင်းစစ်တပ်က ရွေးချယ်ထားသည့် လွှတ်တော်ကိုယ်စာလှယ်များ၏ ကန့်ကွက်မှုများရင်ဆိုင်ခဲ့ရသည့်အတွက် ပီတသည် ဝန်ကြီးချုပ်ဖြစ်မည့်အခွင့်ရေးနှင့် လွှဲချော်ခဲ့ရကြောင်း သိရသည်။

ထိုင်း ရှေ့သို့ချီပါတီသည် ရွေးကောက်ပွဲကာလအတွင်း ထိုင်းဘုရင်စနစ်ကို ဝေဖန်တိုက်ခိုက်သူများကို ပြစ်ဒဏ်ပေးမည့်ဥပဒေကို ပြင်ဆင်ပြောင်းလဲမည်ဟုဆိုခဲ့ရာ လက်ရှိအချိန်တွင် ထိုင်းဘုရင်စနစ်ကို ဝေဖန်တိုက်ခိုက်မှုများအတွက် စွဲချက်တင်ခံထားရကြောင်း သိရသည်။

ပီတက ၎င်းတို့ပါတီအနေဖြင့် အမှုကိုအနိုင်ရမည်ဟု ယုံကြည်ထားကြောင်း၊ အဆိုပါအမှုနှင့်ပတ်သက်ပြီး ဖြေရှင်းချက်ကိုးခုတင်ပြထားကြောင်း ပြောသည်။

ထိုင်းနိုင်ငံတွင်ဘုရင်စနစ်ကို ဝေဖန်တိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး ထောင်ချအပြစ်ပေးမှုများ လုပ်ဆောင်နေရာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သည်လည်း ထိုင်းဘုရင်စနစ်ကို ဝေဖန်ပြစ်တင်မှုများအတွက် လက်ရှိအချိန်တွင် အမှုရင်ဆိုင်နေရကြောင်း သိရသည်။

ပီတက “ ကျွန်တော်တို့ဟာ စွဲချက်နဲ့ပတ်သက်ပြီး ခုခံတင်ပြချက်အချက် ၉ ချက်တင်ပြထားတယ်။ ကျွန်တော်တို့ရဲ့တင်ပြချက်တွေဟာ ထိုင်းတရားစီရင်ရေးနဲ့ လုပ်ငန်းစဉ်တွေအ တွက် အာရုံစိုက်ထားတာပါ။” ဟု ပြောသည်။

ထိုင်းရှေ့သို့ချီပါတီသည် ထိုင်းနိုင်ငံရှိ နိုင်ငံရေးပါတီများကြားတွင် လူငယ်များအားပေးထောက်ခံသော ပါတီတစ်ခုဖြစ်ကြောင်း သိရသည်။

ကောင်းထက်ငွေ

channelnewsasia.com/asia

Move Forward Party ပါတီဖျက်သိမ်းခံရမည်ဆိုလျှင် ထိုင်းနိုင်ငံရေးလောကကို ကြီးမားသောဂယက်ရိုက်မှုများဖြစ်လာမည်ဟု ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.