ရန်ကုန်၊ ဇန်နဝါရီ ၂၁
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) အနေဖြင့် နစကနှင့် အပစ်အခတ်ရပ်စဲထားခြင်းဖြစ်ပြီး လားရှိုးမှတပ်ပြန်ဆုတ်ရန် မသေချာကြောင်း ယနေ့ခေတ်သတင်းဌာနမှ စုံစမ်းသိရှိရသည်။
မြန်မာတပ်မတော်နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)တို့သည် တရုတ်၏ကြားဝင်စေ့စပ်ပေးမှုဖြင့် ဇန်နဝါရီ ၁၈ ရက်တွင် အပစ်အခတ်ရပ်စဲရေး တရားဝင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ယမန်နေ့ကပြောကြားသည်။
ထိုအခြေအနေနှင့်ပတ်သက်၍ “ နှစ်ဖက်သဘောတူညီချက်နဲ့ အပစ်အခတ်ရပ်လိုက်တာက ဟုတ်ပါတယ်။ ဒါပေမယ့် လားရှိုးကနေ တပ်ပြန်ဆုတ်ဖို့ မဆုတ်ဖို့က မသေချာဘူး။” ဟု MNDAA မှ ပြောခွင့်ရတစ်ဦးက ယနေ့ခေတ်သတင်းဌာနသို့ ပြန်လည်ဖြေကြားသည်။
ပြည်ပသတင်းဌာနအချို့က ရှမ်းပြည်မြောက်ပိုင်းရှိ နစကတပ်၏ အရှေ့မြောက်ပိုင်းစစ်ဌာချုပ် အခြေစိုက်ခဲ့သော လားရှိုးမြို့မှ ကိုးကန့်တပ်များ ယခုနှစ်ဇွန်လတွင် ပြန်လည်ဆုတ်ခွာပေးရမည်ဖြစ်ကြောင်း ရေးသားဖော်ပြချက်အပေါ် ဆက်သွယ်မေးမြန်းရာတွင် ၎င်းတို့အနေဖြင့် နှစ်ဖက်သဘောတူညီချက်ဖြင့် အပစ်အခတ်ကိုသာ ရပ်စဲခဲ့ခြင်းဖြစ်ပြီး တပ်ပြန်ဆုတ် မည်မှာ မသေချာကြောင်း ပြန်လည်ဖြေကြားခြင်းဖြစ်သည်။
MNDAA သည် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် လားရှိုးမြို့ကိုသိမ်းပိုက်ထားခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သိရသည်။
ယခုအခါ နှစ်ဖက်အပစ်အခတ်ရပ်စဲသွားပြီဖြစ်သည့်အတွက် တရုတ်နိုင်ငံဘက်မှ နယ်စပ်ကုန်သွယ်ရေးဂိတ်အချို့ ကို ယမန်နေ့မှစတင်ပြီး ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ပြည်မကြီးဘက်မှလွဲ၍ တရုတ်နှင့်ကုန်သွယ်မှုပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
#စုစု
ဓာတ်ပုံ – MNDAA
#ယနေ့ခေတ်
MNDAA အနေဖြင့် အပစ်အခတ်ရပ်စဲခြင်းသာဖြစ်ပြီး တပ်ပြန်ဆုတ်ရန်မသေချာ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်