ရန်ကုန်၊ ဇန်နဝါရီ ၂
ယခုရက်ပိုင်းအတွင်း KBZ Pay အသုံးပြုသူများ၏ အကောင့်အချို့ ငွေသားထုတ်ယူခံရမှုများရှိနေပြီး ၎င်းတို့ကို အမြန်ဆုံးစိစစ်ဆောင်ရွက်နေကြောင်း KBZ Pay မှ သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်ရက်ပိုင်းက အသုံးပြုသူအချို့၏ အကောင့်များကို OTP ရယူပြီး PIN နံပါတ်ကိုခန့်မှန်းဝင်ရောက်ခြင်းများနှင့်ပတ်သက်ပြီး ကမ္ဘောဇဘဏ်မှ သိရှိသတိပြုမိထားပြီးဖြစ်ကြောင်း၊ အသုံးပြုသူများ ငွေကြေးဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် ကမ္ဘောဇဘဏ်မှ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် အကောင်းဆုံးဝန်ဆောင်မှုပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုဖြစ်စဉ်များကို အမြန်ဆုံးစိစစ်ဆောင်ရွက်နေပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ကြီးကြပ်လမ်းညွှန်မှုနှင့်အတူ စုံစမ်းထုတ်ဖော်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိ သည်။
“ဖုန်းထဲကို OTP နံပါတ်လည်းမကျဘူး။ ပိုက်ဆံတွေကထုတ်ပြီးနေပြီ။ ဘဏ်ကိုဖုန်းဆက်တော့လည်း ရဲစခန်းကိုပဲသွားပြီး အမှုဖွင့်ခိုင်းတယ်။ အမှုဖွင့်တော့ရော ပြန်ရမှာလား ပိုက်ဆံတွေက။ ဘဏ်မှာအဓိကတာဝန်အရှိဆုံးပဲလေ။” ဟု ကိုယ်တွေ့ကြုံခဲ့ရသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
OTP နှင့် PIN ထက် ပိုမိုကောင်းမွန်သော နည်းပညာလုံခြုံမှုအား ထပ်မံတိုးမြှင့်ရန်အတွက် biometric identification နှင့် device-based notification ကဲ့သို့ လုပ်ဆောင်ချက်များကို အကောင်အထည်ဖော်သွားရန် ဆောင်ရွက်လျက်ရှိပြီး အသုံးပြုသူများ၏ ဒစ်ဂျစ်တယ်ပိုက်ဆံအိတ် ပိုမိုလုံခြုံမှုရှိစေရန် KBZPay မှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
KBZ Pay အကောင့်များမှငွေများ လိမ်လည်ထုတ်ယူခံရမှုဖြစ်စဥ်များတွင် ဘဏ်နှင့်ချိတ်ထားသောအကောင့်များမှ K Pay သို့လွှဲပြောင်းကာ အခြားအကောင့်များသို့ငွေလွှဲခြင်း၊ iTune Card များကဲ့သို့ လက်ဆောင်များ၊ ဘေလ်များဝယ်ယူခြင်းစသဖြင့် ခိုးယူကြကာ အကောင့်ပိုင်ရှင်ထံ OTP မကျလာသလို မည်သည့်လင့်ခ်မှမဝင်မိဘဲ ခိုးယူခံရမှုသည် ဝန် ထမ်းအချို့၏ ပါဝင်ပတ်သက်မှုရှိနိုင်ကြောင်း လူမှုကွန်ရက်တွင် ဝေဖန်မှုများလည်းရှိနေသည်။
#စုစု
ဓာတ်ပုံ – KBZ Bank
KBZ Pay အကောင့်အချို့ လိမ်လည်ခံရမှုများကို အမြန်ဆုံးစိစစ်ဆောင်ရွက်နေဟု KBZ Pay ထုတ်ပြန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်