လန်ဒန်၊ နိုဝင်ဘာ ၂၄
အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုသည် ဗြိတိန်နိုင်ငံသို့သွားရောက်မည်ဆိုပါက ဖမ်းဆီးခံရဖွယ်ရှိနေကြောင်း သိရသည်။
နိုင်ငံတကာရာဇဝတ်တရားရုံးသည် နေတန်ရာဟုကို ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး ပြီးခဲ့သောရက်ပိုင်းက ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း သိရသည်။
ဗြိတိန်ဝန်ကြီးချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဗြိတိန်အစိုးရသည် ဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။
နိုင်ငံတကာရာဇဝတ်တရားရုံး(ICC)သည် အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု၊ ကာာကွယ်ရေးဝန်ကြီးဟောင်း ဂယ်လန့်တို့ကို စစ်ရာဇဝတ်မှုဖြင့် ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း သိရသည်။
ဗြိတိန်နိုင်ငံသည် ICC အဖွဲ့ဝင်နိုင်ငံများတွင်ပါဝင်ပြီး ICC တရားရုံးနှင့် ဖမ်းဝရမ်းဆိုင်ရာသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသောနိုင်ငံဖြစ်သည်။
ဗြိတိန်ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူက “ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းစည်းကမ်းတွေအတိုင်း လိုက်နာဆောင်ရွက်သွားမယ်။” ဟု ပြောသည်။
၂၀၀၁ ခုနှစ်ကသတ်မှတ်ထားသော ICC ၏ စည်းကမ်းသတ်မှတ်ချက်များထဲတွင် တရားရုံးကဖမ်းဝရမ်းထုတ်မည်ဆိုလျှင် အဖွဲ့ဝင်နိုင်ငံများသည် ဖမ်းဝရမ်းထုတ်ခံရသူကို ဖမ်းဆီးလွှဲပြောင်းပေးရမည်ဆိုသော သတ်မှတ်ချက်များရှိနေကြောင်း သိရသည်။
ဗြိတိန်ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူသည် ICC တရားရုံးက သတ်မှတ်စည်းကမ်းများအတိုင်း လိုက်နာမည်ဆိုသော်လည်း အသေးစိတ်ကိုပြောဆိုခြင်းမရှိကြောင်း သိရသည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုကို ICC တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံနှင့် ဥရောပနိုင်ငံများကြားတွင်လည်း သဘောထားအမြင်ကွဲလွဲခဲ့ကြောင်း သိရသည်။
အမေရိကန်သမ္မတက ICC တရားရုံး၏ ဖမ်းဝရမ်းအမိန့်ကို ဝေဖန်ပြစ်တင်ခဲ့ပြီး လိုက်နာဆောင်ရွက်မည်မဟုတ်ဟု ပြောသည်။
ကောင်းထက်ငွေ
bbc.com
ICC တရားရုံး၏ ဖမ်းဝရမ်းကြောင့် အစ္စရေးဝန်ကြီးချုပ် ဗြိတိန်နိုင်ငံကိုသွားမည်ဆိုလျှင် ဖမ်းခံရဖွယ်ရှိနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်