ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈
အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID)မှ ကူညီထောက်ပံ့မှုရပ်ဆိုင်းသွားခြင်းကြောင့် ပြည်တွင်း၌ HIV ပိုးရှိသူများ သောက်သုံးရသည့် အေအာတီ(ART) ဆေးဝါးများပြတ်လပ်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။
HIV, တီဘီနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအတွက် လိုအပ်သည့်ဆေးဝါးများ အလုံအလောက်ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားထားသော်လည်း HIV ပိုးကူးစက်ခံထားရသူများ သောက်သုံးရသည့် အေအာတီ(ART) ဆေးဝါးသည် လက်ရှိအချိန်တွင် ထုတ်ယူလို့မရတော့ကြောင်း ဆေးဝါးသုံးစွဲသူများ၏ ပြောပြချက်အရ သိရသည်။
“ ဆေးကထုတ်လို့မရတော့ဘူး။ ဆေးပြတ်နေပြီလို့ပြောတယ်။ မတတ်နိုင်ဘူးပေါ့။ စောင့်လို့ရတဲ့အချိန်ထိတော့ စောင့်တာပေါ့။ မရတော့လည်းကံပေါ့။” ဟု အေအာတီ(ART) ဆေး ဝါးသောက်သုံးနေရသူတစ်ဦးက ပြောသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဆင်းရဲနွမ်းပါးသည့်နိုင်ငံများကို HIV, တီဘီနှင့် ငှက်ဖျားဆေး ထောက်ပံ့ပေးဝေမှုကို ရပ်ဆိုင်းထားရန် အမိန့်ပေးထားပြီးနောက်ပိုင်း အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ(USAID) နှင့် လူမှုကူညီရေး အရပ်ဖက်အဖွဲ့အစည်းများကလည်း ဆေးဝါးပေးဝေထောက်ပံ့မှု လုပ်ငန်းစဉ်များကို ရပ်နားထားကြောင်း သိရသည်။
မြန်မာတွင် HIV(အိတ်ချ်အိုင်ဗီ)ရောဂါပိုးကူးစက်ခံရသူများအတွက် ဆေးဝါးအခမဲ့ဖြန့်ဖြူးနေသည့် အမျိုးသားခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက်ကို USAID က အဓိ ကကူညီထောက်ပံ့နေခြင်းဖြစ်သည်။
ဓာတ်ပုံ – google
HIV ပိုးရှိသူများ သောက်သုံးရသည့် အေအာတီ(ART)ဆေးဝါးများပြတ်လပ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်