ရောမ၊ ဇွန် ၁၅
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် ယူကရိန်းသမ္မတ ဇီလန်စကီးတို့သည် ၁၀ နှစ်သက်တမ်းရှိ လုံခြုံရေးသဘောတူညီမှုစာချုပ်ကို ဇွန်လ ၁၄ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ရာ အမေရိကန်နိုင်ငံက ယူကရိန်းကို ကူညီထောက်ပံ့ပေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
အီတလီနိုင်ငံတွင် ကျင်းပနေသော G7 ထိပ်သီးအစည်းအဝေးကို တက်ရောက်လာသော အမေရိကန်သမ္မတသည် ယူကရိန်းသမ္မတ ဇီလန်စကီးနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ၁၀ နှစ်သက်တမ်းရှိ လုံခြုံရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံသည် ယူကရိန်းနိုင်ငံပိုင်နက်များကို ကျူးကျော်မှုများအား တားဆီး၊ ရင်ဆိုင်နိုင်ရန် ကူညီပေးမည့်အချက်အပြင် ရုရှားနှင့်ဖြစ်ပွားနေသည့်စစ်ပွဲတွင် ယူကရိန်းကိုအနိုင်ရရှိစေရန် ကူညီထောက်ပံ့ပေးမည့်အချက်၊ ရုရှား၏ ကျူးကျော်မှုများမှ တားဆီးကာကွယ်ပေးရမည့်အချက်များ ပါဝင်နေကြောင်း သိရသည်။
ထိုအပြင် အမေရိကန်သည် ယူကရိန်းကို စစ်ရေးအကူညီ၊ ထောက်လှမ်းရေးအချက်လက်များ မျှဝေပေးခြင်း၊ စီးပွားရေးကူညီထောက်ပံ့ပေးခြင်းများအပါအဝင် အခြားအကူညီများကို ကူညီထောက်ပံ့ပေးရမည်ဖြစ်ကြောင်း သိရသည်။
ယူကရိန်းသမ္မတ ဇီလန်စကီးက အမေရိကန်နှင့်ချုပ်ဆိုခဲ့သောစာချုပ်အရ ယူကရိန်းကို F-16s တိုက်လေယာဉ်များ ကူညီထောက်ပံ့ပေးမည့်အစီအစဉ်များ ပါဝင်နေကြောင်း ပြော သည်။
ယူကရိန်းသမ္မတက အမေရိကန်နိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့သည် စစ်မှန်သောမဟာမိတ်နိုင်ငံအဆင့်ကို ရောက်ရှိလာခဲ့ကြောင်း၊ အဆိုပါစာချုပ်သည် ယူကရိန်းနိုင်ငံ လွှတ်လပ်ရေးရရှိခဲ့သော နှစ်ပေါင်း ၃၃ နှစ်အတွင်း အမေရိကန်နှင့်ချုပ်ဆိုခဲ့သော စာချုပ်များထဲတွင် အကောင်းဆုံးစာချုပ်ဖြစ်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
ယူကရိန်းသည် စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ပြည်ပနိုင်ငံများနှင့် လုံခြုံရေးသဘောတူညီမှုစာချုပ် အနည်းဆုံး ၁၇ ခု ချုပ်ဆိုခဲ့ကြောင်း သိရသည်။
ယူကရိန်းနှင့် ရုရှားနိုင်ငံကြားဖြစ်ပွားနေသည့်စစ်ပွဲသည် သုံးနှစ်အတွင်းရောက်ရှိလာသော်လည်း လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေးရယူနိုင်ခြင်းမရှိဘဲ အပြန်အလှန်ပစ်ခတ်ခြင်းများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။
ကောင်းထက်ငွေ
defense.gov/News
G7 ထိပ်သီးအစည်းအဝေးတွင် ယူကရိန်းနှင့်အမေရိကန်နိုင်ငံကြား ၁၀ နှစ်သက်တမ်းရှိ လုံခြုံရေးသဘောတူစာချုပ် ချုပ်ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်