ရန်ကုန်၊ ဇန်နဝါရီ ၂၀
အစိုးရအချင်းချင်း (G to G) စနစ်ဖြင့် ဘင်္ဂလားဒေ့ရှ်သို့ မြန်မာ့ဆန်တန်ချိန် ၂၂,၀၀၀ ကိုတင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
မြန်မာ့ဆန်တန်ချိန် ၂၂,၀၀၀ ကို MV Golden Star သင်္ဘောဖြင့် ဘင်္ဂလားဒေ့ရှ်သို့တင်ပို့ခဲ့ရာ ပြီးခဲ့သည့်ရက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် စားနပ်ရိက္ခာဝန်ကြီးဌာနက သောကြာနေ့တွင် ထုတ်ပြန်ထားသည်။
လက်ရှိကြားဖြတ်အစိုးရလက်ထက်တွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာ့ဆန်ကို ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့ခြင်းဖြစ်ကြာင်း၊ အဆိုပါဆန်များကို သင်္ဘောပေါ်မှမချမီ ဆန်နမူနာများကို စမ်းသပ်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
“ အရင်ကတည်းက ဘင်္ဂလားဒေ့ရှ်နဲ့ စာချုပ်ချုပ်ထားတာရှိတယ်။ ဒါပေမယ့် သူတို့နိုင်ငံရဲ့ပြသနာတွေကြောင့် မပို့ဖြစ်ဘူး။ အခုမှ ပြန်ပို့ဖြစ်တာပါ။” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာ၊ ဗီယက်နမ်တို့အကြား ဆန်တင်သွင်းမှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးထားပြီး သဘောတူညီချက်အရ ၂၀၂၇ ခုနှစ်အထိ သက် တမ်းရှိကြောင်း၊ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရတို့အကြား ဆန်ရောင်းဝယ်မှုဆိုင်ရာ သဘောတူညီမှု MOU အရ မြန်မာက ဘင်္ဂလားဒေ့နိုင်ငံသို့ လက်ရှိတင်ပို့မှုအပါအဝင် ၃ ကြိမ်အထိ ဆန်တင်ပို့ရောင်းချထားပြီးဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့တင်ပို့မှုအရ ပထမတစ်ကြိမ်တွင် ဆန်တန်ချိန် ၁ သိန်း၊ ဒုတိယတစ်ကြိမ်နှင့် တတိယတစ်ကြိမ်တွင် ဆန်တန်ချိန် ၂ သိန်း တင်ပို့ထားပြီးဖြစ်ကြောင်း သိရသည်။
#စုစု
ဓာတ်ပုံ – DOCA
#ယနေ့ခေတ်
G to G စနစ်ဖြင့် မြန်မာ့ဆန် ဘင်္ဂလားဒေ့ရှ်သို့တင်ပို့ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်