Facebook page မှတစ်ဆင့် ဒေါ်လာရောင်းသူတစ်ဦးအား ဖမ်းဆီးစစ်ဆေးနေကြောင်း ဗဟိုဘဏ် ဆို

ရန်ကုန်၊ စက်တင်ဘာ ၁

လူမှုကွန်ရက်စာမျက်နှာဖြစ်သည့် Facebook page မှတစ်ဆင့် အမေရိကန်ဒေါ်လာရောင်းချသူတစ်ဦးအား ဖမ်းဆီးစစ်ဆေးနေကြောင်း ယမန်နေ့က ဗဟိုဘဏ်က သတင်းထုတ် ပြန်သည်။

လူမှုကွန်ရက်စာမျက်နှာတွင် ‘ဒေါ်လာ Dollar Buy/Sell Market and News’ နှင့် ‘ယူရို/ဒေါ်လာ ရောင်းဝယ်ပို့ဆောင်လိုသူများ ဆုံးစည်းရာ Euro Dollar Trading Group’ စသည့် Facebook page များမှတစ်ဆင့် အမေရိကန်တစ်ဒေါ်လာနှင့်ညီမျှသော မြန်မာကျပ်ငွေ တရားဝင်ပေါက်စျေးထက် ကျော်လွန်၍ စျေးနှုန်းအမျိုးမျိုး သတ်မှတ်ကာ တရားမဝင် ရောင်းဝယ်မှုများ ပြုလုပ်နေသည်ကို တွေ့ရပြီး ဩဂုတ် ၂၈ ရက်က အဆိုပါ Facebook page မှတစ်ဆင့် အမေရိကန်ဒေါ်လာ ရောင်းချသူတစ်ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးထိန်းသိမ်းပြီး ဆက်လက်စစ်ဆေးနေကြောင်း ဗဟိုဘဏ်က သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်းအပိုဒ် ၁၅ အရ ပြည်တွင်း၌ နေထိုင်သူတစ်ဦးသည် အမေရိကန်ဒေါ်လာ တစ်သောင်းအထိ သို့မဟုတ် ယင်းနှင့်ညီမျှသောငွေထက် မပို သော နိုင်ငံခြားငွေများအား ၆ လအတွင်းသာ ကိုင်ဆောင်ခွင့်ရှိပြီး ၆ လကျော်လွန်ပါက ဘဏ်စာရင်းသို့ထည့်ခြင်း သို့မဟုတ် လိုင်စင်ရှိသူထံ စျေးကွက်ပေါက်စျေးဖြင့် ရောင်းချရ မည်ဟုလည်း ဗဟိုဘဏ်က ဆိုသည်။

ထို့ပြင် လိုင်စင်မရှိဘဲ ပြင်ပတွင် တရားမဝင် ဒေါ်လာရောင်းဝယ်နေသူများကိုလည်း လိုအပ်သလို အသွင်ယူစစ်ဆေးမှုများ ပြုလုပ်နေပြီး ဖော်ထုတ်အရေးယူလျက်ရှိကြောင်း ဗဟို ဘဏ်က သတင်းထုတ်ပြန်ထားသည်။

ပြင်ပငွေလဲလှယ်ရေးစျေးကွက်၌ ယခုရက်ပိုင်းတွင် အမေရိကန်ဒေါ်လာငွေ လဲလှယ်နှုန်းမှာ တစ်ဒေါ်လာလျှင် ၃၇၀၀ ကျပ်ဝန်းကျင်ရှိနေကာ စျေးနှုန်းကျဆင်းခြင်းမရှိဘဲ အမြင့်ပိုင်း တွင် ဆက်လက်ရှိနေကြောင်း သိရသည်။

“ ဒီရက်ထဲ အဖမ်းအဆီးသတင်းတွေကြောင့် အရောင်းအဝယ်လည်း သိပ်မလုပ်ရဲကြဘူး။ စျေးကလည်းကျမလာဘူး။ ၃၅၀၀ လောက်စျေးကို ရောက်မလာပဲ ၃၇၀၀ နဲ့ ၃၈၀၀ ကြားမှာတန့်နေတာ လေး၊ ငါးရက်လောက်ရှိနေပြီ။ ဒီမနက်စျေးက ၃၆၉၅ ကျပ်နဲ့ အရောင်းအဝယ်လုပ်နေတယ်လို့ သိရတယ်” ဟု ရန်ကုန်၌ ငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင် နေသူတစ်ဦးက ပြောသည်။

ဗဟိုဘဏ်မှ တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်ဖြင့်လဲလှယ်ရန် သတ်မှတ်ထားသော်လည်း ပြင်ပစျေးကွက်၌မူ ပြီးခဲ့သည့်လက တစ်ဒေါ်လာလျှင် ကျပ် ၄၀၀၀ နီးပါးအထိ ရောက်ရှိ လာခဲ့ပြီးနောက် ပြင်ပ၌ တရားမဝင် ဒေါ်လာအရောင်းအဝယ်ပြုလုပ်သူများအား ဖမ်းဆီးစစ်ဆေးမှုများ ရှိလာခြင်းဖြစ်သည်။ အလားတူ ပြီခဲ့သည့်လပိုင်းက ရွှေစျေးများ မြင့်တက် နေ၍ ရန်ကုန်နှင့် မန္တလေးရှိ ရွှေလုပ်ငန်းရှင်အချို့ ဖမ်းဆီးစစ်ဆေးခံရမှုများရှိခဲ့ပြီး ယခုရက်ပိုင်းတွင်လည်း စားအုန်းဆီစျေး မြင့်တက်နေမှုကြောင့် စာအုန်းဆီကုန်သည် ၄ ဦးထက် မနည်း ဖမ်းဆီးစစ်ဆေးခံနေရကြောင်း အတည်မပြုနိုင်သည့်သတင်းများ ထွက်ပေါ်လျက်ရှိသည်။

မောင်ဇော်

#ယနေ့ခေတ်

Facebook page မှတစ်ဆင့် ဒေါ်လာရောင်းသူတစ်ဦးအား ဖမ်းဆီးစစ်ဆေးနေကြောင်း ဗဟိုဘဏ် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.