ရန်ကုန်၊ မတ် ၁၈
ကုန်ကြမ်းယူ ကုန်ချောပြန်ထုတ်ပေးသည့် CMP လုပ်ငန်းများသို့ ဝင်ရောက်လာသည့်နိုင်ငံခြားငွေကို သွင်းကုန်လုပ်ငန်းရှင်များသို့ ပြန်လည်ရောင်းချပေးနေကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။
CMP လုပ်ငန်းသို့ဝင်ရောက်လာသည့် နိုင်ငံခြားငွေကို စားသုံးဆီနှင့် အခြားကုန်စည်များတင်သွင်းသည့်လုပ်ငန်းများသို့ နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) မှတ ဆင့် တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၂.၂ သန်းခန့် နေ့စဉ်ရောင်းချပေးနေကြောင်း သိရသည်။
“ လက်ရှိအနေအထားကိုပြောရရင် နိုင်ငံခြားငွေလိုအပ်ချက်က မြင့်နေတာ။ ဒါကြောင့်လည်း သွင်းကုန်လုပ်ငန်းတွေကို ကန့်သတ်လာတာ။ နိုင်ငံခြားငွေကိုလည်း လိုသလောက်မ ရောင်းပေးနိုင်ဘူး။ လက်ရှိရောင်းပေးနေတဲ့ပမာဏက အလွန်နည်းတယ်။” ဟု သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ထို့ပြင် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန်ဒေါ် လာ ၃၃ သန်း ထပ်မံရောင်းချပေးမည်ဖြစ်ပြီး ရောင်းချပေးမည့် ငွေလဲလှယ်နှုန်းကို ဖော်ပြထားခြင်းမရှိပေ။
ပြင်ပငွေကြေးဈေးကွက်တွင် တစ်ဒေါ်လာ ၄၃၈၀ ကျပ်၊ ထိုင်းဘတ် တစ်ဘတ်လျှင် ၁၃၁.၅၈ ကျပ်၊ တရုတ်ယွမ် တစ်ယွမ်လျှင် ၆၁၀ ကျပ်ဖြစ်ပေါ်နေကြောင်း၊ ယခုနှစ်ဆန်းပိုင်းမှစတင်၍ နိုင်ငံခြားငွေဈေးကွက်အတွင်း အတက်အကျမရှိ ဈေးငြိမ်နေကြောင်း သိရသည်။
#စုစု
ဓာတ်ပုံ – MOI
#ယနေ့ခေတ်
CMP လုပ်ငန်းများသို့ ဝင်ရောက်သည့်နိုင်ငံခြားငွေကို သွင်းကုန်လုပ်ငန်းရှင်များသို့ ပြန်လည်ရောင်းချပေးနေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်