ဘန်ကောက်၊ ဧပြီ ၁၀
အမေရိကန်အခြေစိုက် စွမ်းအင်ကုမ္မဏီတစ်ခုဖြစ်သော Chevron သည် မြန်မာနိုင်ငံရှိ ရတနာဓါတ်ငွေ့စီမံကိန်းတွင် ပါဝင်လုပ်ကိုင်နေခြင်းကို အပြီးတိုင်ရုတ်သိမ်းလိုက်ပြီးနောက် ထိုင်းနိုင်ငံအခြေစိုက် PTTEP ကုမ္မဏီက ရတနာဓါတ်ငွေ့စီမံကိန်းတွင် ရှယ်ယာအများဆုံးပိုင်ဆိုင်သူဖြစ်လာခဲ့ကြောင်း သိရသည်။
အမေရိကန်စွမ်းအင်ကုမ္မဏီ Chevron သည် ရတနာဓါတ်ငွေ့စီမံကိန်းတွင် ရှယ်ယာ ၄၁ ဒသမ ၁ ရာခိုင်နှုန်းရှိနေပြီး ရှယ်ယာများကို အခြားကုမ္မဏီများကို ပြန်လည်ပေးဝေခဲ့ရာ ထိုင်းစွမ်းအင်ကုမ္မဏီက ရှယ်ယာအများဆုံးပိုင်ဆိုင်သူဖြစ်လာခဲ့ကြောင်း သိရသည်။
ရတနာဓါတ်ငွေ့စီမံကိန်းမှ အမေရိကန်စွမ်းအင်ကုမ္မဏီ ထွက်ခွာသွားသည့်အတွက် PTTEP ကုမ္မဏီက ရတနာဓါတ်ငွေ့စီမံကိန်းတွင် ၎င်းတို့ရှယ်ယာရာခိုင်နှုန်းသည် ၆၂ ဒသမ ၉၆ ရာခိုင်နှုန်းအထိ မြင့်တက်လာနေကြောင်း ပြောသည်။
ရတနာဓါတ်ငွေ့စီမံကိန်းတွင် ယခင်က Chevron ကုမ္မဏီအပြင် ထိုင်းနိုင်ငံအခြေစိုက် PTT Exploration စွမ်းအင်ကုမ္မဏီနှင့် မြန်မာနိုင်ငံပိုင် (MOGE) ကုမ္မဏီတို့ ပူးပေါင်းပါဝင်နေခဲ့ပြီး နိုင်ငံအရေးအခက်ခဲများဖြစ်လာခဲ့ပြီးနောက်ပိုင်း အမေရိကန်စွမ်းအင်ကုမ္မဏီက လုပ်ငန်းလုပ်ကိုင်မှုများကို ရုတ်သိမ်းရန်စီစဉ်လာခဲ့ခြင်းဖြစ်သည်။
ရတနာဓါတ်ငွေ့စီမံကိန်းသည် မြန်မာနိုင်ငံ၏ အဓိကဓါတ်ငွေ့စီမံကိန်းတစ်ခုဖြစ်ပြီး၊ တစ်နှစ်ကို ဓါတ်ငွေ့ကုဗမီတာ ၆ ဘီလျံထုတ်လုပ်နိုင်ပြီး ထွက်ရှိသောဓါတ်ငွေ့အားလုံး၏ ၇၀ ရာ ခိုင်နှုန်းကို ထိုင်းနိုင်ငံသို့တင်ပို့ကာ၊ ကျန် ၃၀ရာခိုင်နှုန်းကို မြန်မာနိုင်ငံအတွင်း အသုံးပြုကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် လုပ်ငန်းများလုပ်ကိုင်နေသည့် အနောက်အုပ်စုနိုင်ငံအချို့၏ကုမ္မဏီများ လုပ်ငန်းလုပ်များရပ်နားခဲ့ကြောင်း သိရသည်။
ထိုင်းစွမ်းအင်ကုမ္မဏီက “ ရတနာဓါတ်ငွေ့စီမံကိန်းတွင် အဓိက operator အဖြစ်ဆက်လက်ပါဝင်မည်ဖြစ်ပြီး မြန်မာနှင့် ထိုင်းနိုင်ငံ နှစ်နိုင်ငံစလုံးအတွက် စွမ်းအင်လုံခြုံရေးနှင့် ပြည်သူများ၏လိုချက်ကို ဖြည့်ဆည်းနိုင်ရန် လုပ်ငန်းများဆက်လက်လုပ်ကိုင်မည်ဟု သတင်းထုတ်ပြန်ထားသည်။
ကောင်းထက်ငွေ
bangkokpost.com
Chevron ကုမ္မဏီထွက်သွားသည့်အတွက် ရတနာဓါတ်ငွေ့စီမံကိန်းတွင် ထိုင်းစွမ်းအင်ကုမ္မဏီက ရှယ်ယာအများဆုံးပိုင်ဆိုင်သော ကုမ္မဏီဖြစ်လာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်