ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၄
ထိုင်း-မြန်မာနယ်စပ်တွင် အွန်လိုင်းကျားဖြန့်ကိစ္စနှင့်စပ်လျဥ်း၍ BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူနှင့် အဖွဲ့ ဝင်သုံးဦးအား ဖမ်းဝရမ်းထုတ်ရန် ခိုင်လုံသည့်သက်သေမရှိသေးကြောင်း ထိုင်းတရားရေးဝန်ကြီးဌာနက ဖေဖော်ဝါ ရီ ၁၂ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းဌာနက ဖေဖော်ဝါရီ ၁၃ ရက်နေ့စွဲဖြင့် သတင်းရေးသားထားသည်။
BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူနှင့်အဖွဲ့ဝင်များကို ဖမ်းဝရမ်းထုတ်ရန် ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) ကရှာဖွေထားသည့် အချက်အလက်များသည် မခိုင်လုံခြင်းကြောင့် ခိုင်လုံသည့်သက်သေအထောက်အထားများကို ထပ်မံရှာဖွေတင်ပြရန် ထိုင်းတရားရေးဝန်ကြီးဌာန၊ ဥပဒေအကြံပေးအရာရှိက ညွှန်ကြားခဲ့ကြောင်း သိရသည်။
“နယ်စပ်ဒေသမှာ အွန်လိုင်းကျားဖြန့်အဖွဲ့တွေနဲ့ ဆက်နွယ်တယ်လို့ ယူဆထားတဲ့ စွပ်စွဲချက်ကို ခိုင်လုံတဲ့သက်သေအထောက်အထား မရှိဘူးလို့ ထိုင်းအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကို ထိုင်းတရားရေးဝန်ကြီးဌာနက အကြောင်းပြန်ခဲ့ပါတယ်။ ထိုင်းအစိုးရက တိကျသေချာမှုမရှိသေးရင် ဖမ်းဝရမ်းထုတ်လေ့မရှိပါဘူး။ ဥပဒေနဲ့ နည်းဥပဒေကို တိကျသေချာမှာ ဖမ်းဝရမ်းထုတ်ပေးလေ့ရှိပါတယ်။” ဟု ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ကူညီစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ထိုင်းအစိုးရက ထိုင်း-မြန်မာနယ်စပ်ရှိ BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူနှင့် အဖွဲ့ဝင်သုံးဦးကို ဖမ်းဝရမ်းထုတ်ရန်စီစဉ်နေခြင်းသည် လတ်တလောအခြေအနေတွင် ဖြစ်လာနိုင်ဖွယ်မရှိသေးကြောင်း ထိုင်းဥပဒေပညာရှင်များ၏ သုံးသပ်ချက်အရ သိရသည်။
#မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – bangkokpost
#ယနေ့ခေတ်
BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူနှင့် အဖွဲ့ဝင်သုံးဦးကို ဖမ်းဝရမ်းထုတ်ရန် သက်သေခိုင်လုံမှုမရှိသေးဟု ထိုင်းတရားရေးက သတင်းထုတ်ပြန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်