နယူးဒေလီ၊ စက်တင်ဘာ ၂၃
တရုတ်နိုင်ငံက ဦးဆောင်လုပ်ကိုင်နေသော Belt and Road စီမံကိန်းတွင် ပါဝင်မှုများကို ရပ်ဆိုင်းကာ၊ ပါဝင်တော့မည်မဟုတ်ကြောင်း အီတလီ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို တာဂျာနီက ထုတ်ဖော်ပြောဆိုလိုက်သည်။
အီတလီ နိုင်ငံခြားရေးဝန်ကြီးက “ ဝန်ကြီးချုပ် မီလိုနီဟာ တရုတ်နိုင်ငံကလုပ်ဆောင်မယ့် ပိုးလမ်းမစီမံကိန်းရပ်ဝန်းထဲမှာ ပါဝင်နေတဲ့ Silk Road စီမံကိန်းကနေ နုတ်ထွက်မယ့်အ ကြောင်းကို တရုတ်အစိုးရကို အသိပေးခဲ့တယ်။” ဟု ပြောသည်။
အီတလီသည် အမေရိကန်၏ အဓိကမဟာမိတ်နိုင်ငံဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းမှာ အီတလီနိုင်ငံပါဝင်မှုများက အီတလီအတွက် ကြီးမားသော အကျိုးကျေးဇူးရရှိမည်မဟုတ် ကြောင်း အီတလီ နိုင်ငံခြားရေးဝန်ကြီးက ထပ်မံပြောဆိုသည်။
တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက အီတလီအစိုးရ၏ ဆုံးဖြတ်ချက်က သမိုင်းလမ်းကြောင်းကို ဆန့်ကျင့်တာမျိုးဖြစ်ကြောင်း ဝေဖန်ထားသည်။
အီတလီအစိုးရသည် အဆိုပါစီမံကိန်းမှ ထွက်ခွာမည်ဟု ပြောဆိုသော်လည်း တရားဝင်သတင်းထုတ်ပြန်ခြင်း မရှိကြောင်း သိရသည်။
အီတလီဝန်ကြီးချုပ်က အဆိုပါစီမံကိန်းတွင် ပါဝင်နေရခြင်းက ဝိရောဓိဖြစ်နေရကြောင်း၊ တရုတ်ဦးဆောင်သော စီမံကိန်းတွင် ဂျီ ၇ အဖွဲ့ဝင် နိုင်ငံများအနက် အီတလီတစ်နိုင်ငံ တည်း ပါဝင်နေခြင်းမျိုးဖြစ်နေကြောင်း ပြောသည်။
အီတလီအစိုးရသည် တရုတ်အစိုးရနှင့်ဆက်ဆံရေး ထိခိုက်ခြင်းမရှိဘဲ စီမံကိန်းမှ နုတ်ထွက်နိုင်ရန် ကြိုးပမ်းလျက်ရှိနေကြောင်း သိရသည်။
အီတလီဝန်ကြီးချုပ်က ၎င်းတို့အစိုးရအနေဖြင့် တရုတ်နိုင်ငံက ဦးဆောင်လုပ်မည့် စီမံကိန်းတွင် အဖွဲ့ဝင်အဖြစ် ဆက်လက်ပါဝင်ခြင်း ရှိ/မရှိဆိုသောအချက်ကို လာမည့်ဒီဇင်ဘာလ တွင် အပြီးသတ်ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပြောသည်။
တရုတ်နိုင်ငံက ဦးဆောင်မည့် စီမံကိန်းတွင် ကမ္ဘာတဝှမ်းရှိ နိုင်ငံ၊ အဖွဲ့စည်းပေါင်း ၁၅၀ ကျော် ပါဝင်လျက်ရှိနေကြောင်း သိရသည်။
အဆိုပါစီမံကိန်းသည် အာရှ၊ ဥရောပနှင့် အာဖရိကတိုက်တို့ကို ချိတ်ဆက်မည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။
ကောင်းထက်ငွေ
Belt and Road စီမံကိန်းတွင်ပါဝင်မှုကို ရပ်ဆိုင်းဖွယ်ရှိနေဟု အီတလီအစိုးရ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်