၂၄နာရီအတွင်း ရန်ကုန်၊ ပဲခူး၊ မွန်၊ ကရင်၊ တနင်္သာရီနှင့် ရခိုင်တောင်ပိုင်းတွင် မိုးကြီးမည်

ရန်ကုန်၊ ဇူလိုင် ၃၀

၂၄ နာရီအတွင်း ရန်ကုန်၊ ပဲခူး၊ မွန်၊ ကရင်၊ တနင်္သာရီနှင့် ရခိုင်တောင်ပိုင်းတို့တွင် မိုးကြီးမည်ဖြစ်ကာ မိုးရေချိန် ၃ လက္မမှ ၇ လက္မအထိ ရွာသွန်းနိုင်ကြောင်း မိုးလေဝသဖြစ်စဉ်များ အား ခန့်မှန်းသုံးသပ်ပေးနေသူ ဦးဝင်းနိုင်က ပြောသည်။

ဇူလိုင် ၃၀ ရက်၊ ယနေ့နံနက် ၁၀ နာရီမှ ဇူလိုင် ၃၁ ရက်၊ နံနက်ပိုင်းအထိ ၂၄ နာရီအတွင်း ရန်ကုန်တိုင်းအတွင်း ရန်ကုန်မြို့လယ်ရှိ မြို့နယ်များတွင် မိုးရေချိန် တစ်လက္မအထက် ရွာသွန်းနိုင်ကာ သံလျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ ကွမ်းခြံကုန်း၊ မှော်ဘီ၊ ထောက်ကြန့်၊ လှည်းကူး၊ ဒါးပိန်၊ ဖေါင်ကြီးတို့၌ မိုးရေချိန် ၃လက္မအထက် ရွာသွန်းနိုင်ပြီး မိုးများ နိုင်ကြောင်း ခန့်မှန်းထားသည်။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့ရှိ မြို့နယ်အားလုံးတွင် ၃ လက္မအထက် မိုးရွာသွန်းနိုင်ကာ ပဲခူးတိုင်းအတွင်းရှိ ပဲခူး၊ အင်းတကော်၊ ကဝ၊ တာဝ၊ ဘုရားကြီး၊ ကဒုတ်၊ သနပ်ပင်၊ သက္ကလ၊ ဝေါ၊ ကျောက်ကြီး၊ ကညွတ်ကွင်း၊ ပဲနွယ်ကုန်း၊ ကျောက်တခါး၊ ပိန်းဇလုပ်၊ ညောင်လေးပင်၊ မဒေါက်၊ ပြွန်တဇာ၊ ဒိုက်ဦးတို့၌လည်း ၃လက္မအထက် မိုးရွာသွန်းနိုင်သည် ဟု ဦးဝင်းနိုင်က ခန့်မှန်းထားသည်။

ရခိုင်ပြည်နယ်တောင်ပိုင်းရှိ သံတွဲမြို့အောက်ဘက် နှင့် တနင်္သာရီတိုင်း၊ မြိတ်မြို့အထက်ပိုင်းဒေသအားလုံးတွင် ၃ လက္မအထက် မိုးရွာသွန်းနိုင်ကာ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ ထီးစထ၊ ထီးကာလော၊ ငှက်ပျောတော၊ ရှမ်းရွာသစ်၊ ဝင်းစိန်၊ လှိုင်းဘွဲ၊ ပိန္နဲတော၊ ပိုင်ကျုံစသည့် ဒေသများတွင် ၅ လက္မအထက်မိုးရွာနိုင်ကာ မိုးအလွန်များနိုင်ကြောင်း သိရသည်။

ထို့ပြင် ဧရာဝတီတိုင်းရှိ ပုသိမ်၊ ကျုံပျော်၊ ငသိုင်းချောင်း၊ အသုတ်၊ ကျောင်းကုန်း၊ ပန်းတနော်၊ သာပေါင်း၊ ငွေဆောင်၊ ချောင်းသာ၊ မြောင်းမြ၊ ဝါးခယ်မ၊ ဟင်္သာတ၊ ညောင်တုန်း၊ မအူပင်မြို့နယ်များ၌ မိုးများနိုင်ကာ ၃ လက္မအထက်မှ ၆ လက္မခန့်အထိ မိုးရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။

မိုး/ဇလ၏ ယနေ့နံနက်အစောပိုင်း ထုတ်ပြန်ချက်တွင် ယနေ့ညနေအထိ မွန်၊ကရင်၊ တနင်္သာရီတွင် ဒေသအလိုက်မိုးကြီးနိုင်ကာ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီနှင့် ရခိုင်ပြည်နယ်တို့၌ နေ ရာကွက်၍ မိုးကြီးနိုင်ကြောင်း ခန့်မှန်းထုတ်ပြန်ထားသည်။

ဇူလိုင် ၂၈ ရက်နေ့မှ ယနေ့အထိ မိုးရွာသွန်းမှုကြောင့် ရန်ကုန်တိုင်းအတွင်းရှိ တိုက်ကြီးမြို့နယ်၌ ရေကြီးရေလျှံမှု ဖြစ်ပွါးနေသကဲ့သို့ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် ရေ ကြီးရေလျှံမှုများ၊ မြေပြိုမှုများ ဖြစ်ပေါ်လျက်ရှိကာ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းအတွင်းရှိ ဒေသအချို့တွင်လည်း ရေကြီးရေလျှံမှု ဖြစ်ပွားကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း နိုင်ငံတစ်ဝန်းရှိ မြို့နယ်အချို့တွင် မိုးရေချိန်စံချိန်သစ်တင်သည်အထိ မိုးရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းတွင်နေထိုင်သူများ ရေကြီးရေလျှံမှု သတိပြုရန်နှင့် ကုန်းမြင့်ပိုင်းတွင် နေထိုင်သူများ မြေပြိုမှုအန္တရာယ်ကို သတိပြုကြရန် မိုးလေ ဝသဖြစ်စဉ်များအား ခန့်မှန်းသုံးသပ်နေသူများက သတိပေး ပြောကြားသည်။

မောင်ဇော်

ဓါတ်ပုံ – Win Naing ၊ CJ

#ယနေ့ခေတ်

ပုံစာ- ယမန်နေ့က မွန်ပြည်နယ်၌ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေပုံ

၂၄နာရီအတွင်း ရန်ကုန်၊ ပဲခူး၊ မွန်၊ ကရင်၊ တနင်္သာရီနှင့် ရခိုင်တောင်ပိုင်းတွင် မိုးကြီးမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.