ရန်ကုန်၊ မေ ၂၂
အခြေခံပညာစာသင်ကျောင်းများ၌ ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံနေပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
မေလ ၂၂ ရက်မှ ဇွန် ၁ ရက်အထိ ကျောင်းအပ်နှံရေးသီတင်းပတ်ကာလအဖြစ် သတ်မှတ်ထားပြီး ကျောင်းအပ်နှံသည့် ကျောင်းသား၊ကျောင်းသူများကို ကျောင်းသုံးဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံများကိုအခမဲ့ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
သို့သော် ကျောင်းသုံးဖတ်စာအုပ်များကို လက်ဆင့်ကမ်းစနစ်ဖြင့် ယခုပညာသင်နှစ်မှ စတင်ကျင့်သုံးမည်ဖြစ်သည့်အတွက် ကျောင်းသား၊ကျောင်းသူများက မဲနှိုက်ရမည်ဖြစ်ကြောင်း သိရသည်။

“ ဖတ်စာအုပ်ကတော့ အသစ်နဲ့အဟောင်းမဲနှိုက်ရမယ်။ အသစ်ရတဲ့သူက နောက်ပညာသင်နှစ်မှာပြန်အပ်ရမယ်။ အဟောင်းကတော့ ပြန်မအပ်ရဘူး။ ကျောင်းသုံးဖတ်စာအုပ်အသစ်ရတဲ့သူက ပြန်အပ်ရမှာဆိုတော့ သေချာကိုင်ရမယ်။ စုတ်ပြဲနေတာတွေ၊ သုံးမရတာတွေဆိုရင် ပြန်ဝယ်ပေးရမယ်။ အဲဒီအတွက်လက်မှတ်ထိုးရမယ်” ဟု ကျောင်းဆရာမတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ထို့ပြင် ကျောင်းအပ်နှံရာတွင်လည်း မည်သည့်အခကြေးငွေမျှပေးစရာမလိုပဲ ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးအပါအဝင် အရာထမ်း၊ အမှုထမ်းအားလုံးအနေဖြင့် မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်း/လက်ခံခြင်းမပြုရန်၊ ငွေကြေး/လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာလက်ခံခြင်းမပြုရန်၊ အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နှင့် အခြားမည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုလုပ်ရန် နိုင်ငံပိုင်သတင်းစာမှတဆင့် ကြေညာထားသည်။
အကယ်၍ ကောက်ခံခြင်းပြုပါက ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးသို့ အသိပေးတိုင်ကြားနိုင်ပြီး ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၁၃၊ နေပြည်တော်သို့ ပေးပို့တိုင်ကြားနိုင်ကြောင်း သိရသည်။
#စုစု
ဓာတ်ပုံ – ယနေ့ခေတ်
#ယနေ့ခေတ်
၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်အတွက် မေလ ၂၂ ရက်မှ ဇွန် ၁ ရက်အထိ ကျောင်းအပ်နှံရေးကာလအဖြစ် သတ်မှတ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်