၂၀၂၅ ခုနှစ်အတွင်း စစ်ပွဲအဆုံးသတ်ရန် အရာရာတိုင်းလုပ်ဆောင်မည်ဟု ယူကရိန်းသမ္မတ ဆို

ကိဗ်၊ ဇန်နဝါရီ ၂

ယူကရိန်းသမ္မတ ဇီလန်စကီးသည် ၂၀၂၅ ခုနှစ်အတွင်း ရုရှားနှင့် ၃ နှစ်နီးပါးကြာဖြစ်ပွားနေသောစစ်ပွဲကို အဆုံးသတ်နိုင်ရန် အရာရာလုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်း၏နှစ်သစ်ကူးမိန့်ခွန်းတွင် ထည့်သွင်းပြောဆိုလိုက်ကြောင်း သိရသည်။

ယူကရိန်းသမ္မတက “ ၂၀၂၅ ခုနှစ်ဟာ ကျွန်တော်တို့ရဲ့နှစ် ဖြစ်ဖွယ်ရှိပါတယ်။ ငြိမ်းချမ်းရေးကို လက်ဆောင်အဖြစ် ပေးမှာမဟုတ်ဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ရုရှားကိုရပ်တန့်နိုင်အောင် အရာရာတိုင်းလုပ်ဆောင်သွားမယ်။ စစ်ပွဲကိုအဆုံးသတ်နိုင်အောင် ကြိုးပမ်းမယ်။” ဟု ပြောသည်။

ယူကရိန်းသည် ရုရှားနှင့်ဖြစ်ပွားနေသောစစ်ပွဲတွင် ပိုင်နက်နယ်မြေအများစု ဆုံးရှုံးထားပြီး ၂၀၂၄ ခုနှစ်တွင်ဆုံးရှုံးခဲ့သောနယ်မြေက ၂၀၂၃ ခုနှစ်အတွင်းဆုံးရှုံးခဲ့သောနယ်မြေနှင့် နှိုင်းယှဉ်လျှင် ၇ ဆပိုများနေကြောင်း သိရသည်။

ယူကရိန်းကို အမေရိကန်အပါအဝင် အနောက်အုပ်စုနိုင်ငံများက ကူညီထောက်ပံ့ပေးနေသော်လည်း ယူကရိန်းသည် သိမ်းယူခံထားရသောနယ်မြေများကို ပြန်လည်ရယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် ရာထူးမှအနားမယူခင် ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးမှုများ ဆက်လက်လုပ်ဆောင်နေရာ ပြီးခဲ့သောရက်ပိုင်းက လည်း ယူကရိန်းကို အမေရိကန်ဒေါ်လာ ၆ ဘီလျံနီးပါးရှိ စစ်ရေးနှင့် ဘဏ္ဍာရေးအကူညီများ ထပ်မံပေးပို့ကူညီရန် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ယူကရိန်းနှင့် ရုရှားနိုင်ငံကြား စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနိုင်ခြင်းမရှိသေးဘဲ လာမည့်ဖေဖော်ဝါရီလတွင် စစ်ပွဲဖြစ်ပွားမှု ၃ နှစ်ပြည့်မည်ဖြစ်သည်။

ကောင်းထက်ငွေ

bangkokpost.com

၂၀၂၅ ခုနှစ်အတွင်း စစ်ပွဲအဆုံးသတ်ရန် အရာရာတိုင်းလုပ်ဆောင်မည်ဟု ယူကရိန်းသမ္မတ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.