ရန်ကုန် ၊ ဇန်နဝါရီ ၇
ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ၉ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၆၃၉ ဒသမ ၉၁၁ သန်း ဝင်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် မြန်မာနိုင်ငံ၏စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေလုပ်ငန်း၊ ကုန်ထုတ်လုပ်မှု၊ လျှပ်စစ်၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ ဝန် ဆောင်မှုလုပ်ငန်း စသည့်ကဏ္ဍ ၇ ခုသို့ အဓိကဝင်ရောက်ထားခြင်းဖြစ်ကြောင်း သိရသည်။
“ ပြည်တွင်းမငြိမ်မသက်ဖြစ်မှုက ပိုပိုဆိုးလာတော့ ရင်းနှီးမြှုပ်နှံမှုက ဝင်သင့်သလောက် မဝင်တာကိုတွေ့ရတယ်။ လာရင်လည်း ပမာဏကနည်းတယ်။ အစောပိုင်းကာလတွေမှာ နာမည်ကြီးရင်းနှီးမြှုပ်နှံသူတွေက ထွက်ခွာသွားတော့ ပိုဆိုးသွားတာပေါ့။” ဟု စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
နိုင်ငံရေးမတည်ငြိမ်မှုများ စတင်ဖြစ်ပွားခဲ့သည့် ၂၀၂၁ ခုနှစ်မှစတင်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ထွက်ခွာခြင်းနှင့် စီးပွားရေးပိတ်ဆို့မှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အနည်းငယ်သာရှိကြောင်း၊ ယင်းကလနောက်ပိုင်း ပျမ်းမျှတစ်နှစ်လျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁ ဘီလီယံနီးပါးသာ ခွင့်ပြုနိုင်ခဲ့ကြောင်း သိရသည်။
လွန်ခဲ့သည့် ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်အထိ အထူးစီးပွားရေးဇုန်ဥပဒေအရ ခွင့်ပြုပေးခဲ့သည့် သီလဝါအထူးစီးပွားရေးဇုန်အပါအဝင် စုစုပေါင်းနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉၅ ဒသမ ၉၉၆ ဘီလီယံဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။
#စုစု
ဓာတ်ပုံ – buildersguide
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၆၃၉ ဒသမ ၉၁၁ သန်းဝင်ရောက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်