ဘရပ်ဆဲလ်၊ ဖေဖော်ဝါရီ ၃
ဥရောပသမဂ္ဂ EU သည် ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွက် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီအတွက် ယူရို ၁၉ သန်းပေးရန် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ နေရာအများစုသည် လက်ရှိအချိန်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ဥရောပသမဂ္ဂသည် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီ လိုအပ်မှုများကို ကူညီပေးနိုင်ရန် ယူရို ၁၉ သန်းကူညီပေးရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါ ယူရို ၁၉ သန်းသည် မြန်မာနိုင်ငံရှိ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသူ ၂ ဒသမ ၆ သန်း အပြင်၊ တိုက်ပွဲများကြောင့် သက်ရောက်မှုဒဏ်ခံရသူများကို ကူညီပေးနိုင်ရန် အထောက်ပံ့ဖြစ်လာဖွယ်ရှိနေကြောင်း သိရသည်။
ဥရောပသမဂ္ဂသည် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီ လိုအပ်သူများကို အစားစာ၊ အရေးပေါ်အမိုးအကာ၊ ကျန်းမာရေးစောင့်ရှောက်မှုများ၊ ရေနှင့် မိလ္လာ၊ မြေမြှုပ်မိုင်းအန္တရာယ် ပညာပေးရေးကဲ့သို့သော ကာကွယ်ပေးရေးလုပ်ငန်းများကို အဓိကထားကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုအပြင် အဆိုပါယူရို ၁၉ သန်းထဲမှ ၂ သန်းကို အရေးပေါ် ပညာရေးလုပ်ငန်းများအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂက ပြောသည်။
လက်နက်ကိုင်ပဋိပက္ခများကြောင့် ကျောင်းအများအစုက ပိတ်ထားခြင်း၊ တစ်နိုင်တစ်ပိုင်သာ ဖွင့်လှစ်ခြင်းများကြောင့် မြန်မာနိုင်ငံရှိ ကျောင်းတက်ရသော ကလေးငယ်သုံးဦးတွင်တစ်ဦးက ပညာသင်ကြားနိုင်ခြင်းမရှိကြောင်း သိရသည်။
ဥရောပသမဂ္ဂသည် ကုလသမဂ္ဂအကူညီပေးရေး အေဂျင်စီများ၊ နိုင်ငံတကာ NGOs များကဲ့သို့သော မိတ်ဖက်အဖွဲ့စည်းများမှတဆင့် ကူညီထောက်ပံ့ပေးသွားဖွယ်ရှိနေကြောင်း သိရသည်။
ဥရောပသမဂ္ဂအဖွဲ့၏ ကော်မရှင်နာ ဂျာနက် လီနာဆစ်က “ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအငြင်းပွားမှုတွေဟာ ကမ္ဘာအဆိုးရွားဆုံး အခက်ခဲတစ်ခုအဖြစ် ရှိနေခဲ့ပါတယ်။ ဥရောပသမဂ္ဂဟာလူသားချင်းဆိုင်ရာ စာနာမှုအကူအညီ လိုအပ်သူတွေကို ကူညီထောက်ပံ့ပေးမှု ဆက်လက်ကူညီသွားမယ်။ ယူရို ၁၉ သန်းကို မြန်မာနိုင်ငံရှိ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီလိုအပ်နေသူတွေအတွက် ပညာရေး၊ ကျန်းမာရေး၊ အစားစာတွေ ကူညီထောက်ပံ့ပေးသွားမယ့်အပြင် ထိခိုက်လွယ်သူတွေအတွက် ကူညီထောက်ပံ့ပေးသွားမယ်။” ဟု ပြောသည်။
ကောင်းထက်ငွေ
europa.eu/news
၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွက် လူသားချင်းဆိုင်ရာ စာနာမှုအကူညီအဖြစ် ယူရို ၁၉ သန်းကူညီမည်ဟု ဥရောပသမဂ္ဂ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်