ရန်ကုန်၊ ဒီဇင်ဘာ ၁၈
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယခုနှစ် ၁၁ လအတွင်း ယာဉ်မတော်တဆမှုကြောင့် လူ ၈၇ ဦးသေဆုံးခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး၏ မှတ်တမ်းများအရ သိရသည်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၁ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အထိ ၁၁ လတာကာလအတွင်း ယာဉ်မတော်တဆမှု ၁၈၉ မှု ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ယာဉ်မတော်တဆမှုများကြောင့် အမျိုးသား ၂ဝ၇ ဦးနှင့် အမျိုးသမီး ၁၃၁ ဦး၊ စုစုပါင်း ၃၃၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသား ၆၀ ဦးနှင့် အမျိုးသမီး ၂၇ ဦး၊ စုစုပေါင်း ၈၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆဖြစ်စဉ်အများစုက ယာဉ်မောင်းမကျွမ်းကျင်မှုနဲ့ မဆင်မခြင် အရှိန်ပြင်းမောင်းနှင်မှုများဖြစ်ပါတယ်။” ဟု သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ၁၁ လတာအတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတလျှောက် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုများသည် ဇန်နဝါရီလတွင် ၁၈ မှု၊ ဖေဖော်ဝါရီလတွင် ၁၂ မှု၊ မတ်လတွင် ၁၄ မှု၊ ဧပြီလတွင် ၁၅ မှု၊ မေလတွင် ၂၁ မှု၊ ဇွန်လ တွင် ၁၉ မှု၊ ဇူလိုင်လတွင် ၁၆ မှု၊ ဩဂုတ်လတွင် ၁၃ မှု၊ စက်တင်ဘာလတွင် ၂၃ မှု၊ အောက်တိုဘာလတွင် ၂၃ မှုနှင့် နိုဝင်ဘာလတွင် ၁၅ မှုရှိပြီး၊ စုစုပေါင်း ၁၈၉ မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အမြန်လမ်းမကြီးရဲတပ်ဖွဲ့သည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတလျှောက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန် သတ်မှတ်အရှိန်နှုန်းထက် ကျော်လွန်မောင်းနှင်သည့် မော်တော်ယာဉ်များကို အရှိန်နှုန်းတိုင်းတာစက်များဖြင့် တိုင်းတာစစ်ဆေးပြီး အရေးယူဆောင်ရွက်နေကြောင်း သိရသည်။
Photo – CJ
ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင် ၁၁ လအတွင်း ယာဉ်မတော်တဆမှုကြောင့် ၈၇ ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်