ရန်ကုန်၊ နိုဝင်ဘာ ၃၀
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နှင့် အနီးတစ်ဝိုက်ရှိ ဒေသများ၌ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိနေပြီး လေကြောင်းပစ်ခတ်မှုနှင့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများကြောင့် အရပ်သား ၆ ဦးသေဆုံးကာ၊ ၁၅ ဦးကျော် ထိခိုက်ဒဏ်ရာရရှိထားကြောင်း မူဆယ်မြို့ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်မှစတင်ကာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် အနီးတဝိုက်ရှိ မန့်မော်ရွာ၌ တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ ၁၀၅ မိုင်ဗျူဟာကုန်းနှင့် နမ့်ပေါ်တံတားတို့၌ တိုက်ပွဲပြင်းထန်နေသဖြင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၌ အရပ်သားများ ရာနှင့်ချီပိတ်မိနေကြောင်း သိရသည်။
“တိုက်ပွဲတွေ ပြင်းထန်နေတော့ ၁၀၅ မိုင်ကနေ မူဆယ်ကိုလာဖို့ လမ်းပိတ်နေတယ်။ ၁၀၅ မိုင်မှာ ပိတ်မိနေတဲ့သူတွေကို ခေါ်ထုတ်နိုင်ဖို့ ကျွန်တော်တို့လည်း တတ်နိုင်သလောက် ကြိုးစားနေတယ်။ မနေ့ကဆို မူဆယ်ကနေ ၁၀၅ မိုင်ကိုသွားတာ အောက်တုံခံရွာနားမှာ တိုက်ပွဲဖြစ်နေလို့ ဆက်သွားလို့ မရတော့ဘူး။ ဒီနေ့လည်း ဆက်ပြီးခေါ်ထုတ်တာ နှစ်ခေါက် တော့ သွားခေါ်လို့ရပြီ။ မူဆယ်ကနေ ၁၀၅ မိုင်သွားတဲ့လမ်းမှာ ဒရုန်းတွေပျံနေလို့ သတိထားပြီး သွားနေရတယ်။” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် မူဆယ်ဒေသခံ တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်က မူဆယ် ၁၀၅ မိုင်၊ မန့်မော်ရွာအတွင်း လေကြောင်းပစ်ခတ်မှုများကြောင့် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပြီး၊ ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး၊ နိုဝင်ဘာလ ၂၉ ရက်တွင် မူဆယ်နှင့် ၁၀၅ မိုင်သို့ သွားသည့်လမ်း၌ အရပ်သားသုံးဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။
“ပြီးခဲ့တဲ့ ၂၆ ရက်ကစပြီး တိုက်ပွဲတွေဖြစ်တော့ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ လေကြောင်းပစ်ခတ်မှုတွေ အပြန်အလှန်ပစ်နေကြတာဆိုတော့ အရပ်သားတွေထိပြီး သေဆုံးတာ၊ ဒဏ်ရာရတာတွေရှိတယ်။ ဒဏ်ရာရတဲ့သူတွေကို ကျွန်တော်တို့ မူဆယ်ဆေးရုံကို ပို့ပေးထားတယ်။ လက်ရှိအချိန်ထိလည်း တိုက်ပွဲဖြစ်နေတော့ အရပ်သားတွေ ထိခိုက်မှုရှိလာနိုင်တဲ့ အတွက် ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ထားရတယ်။” ဟု မူဆယ်မြို့မှ စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက ပြောသည်။
နိုဝင်ဘာလ ၂၂ ရက်က မူဆယ် ၁၀၅ မိုင်အနီးရှိ ဘုန်းကြီးကျောင်းအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကိုရင်ကြီးတစ်ပါး ဒဏ်ရာရရှိပြီး၊ ကားနှစ်စီးနှင့် အဆောက်အဦးလေးလုံး ပျက်စီးခဲ့ရကြောင်း သိရသည်။
နိုဝင်ဘာလ ၂၃ ရက်တွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အတွင်းသို့ ဒရုန်းဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ကုန်ကားစီးရေ တစ်ရာကျော် မီးလောင်ပျက်စီးခဲ့ပြီး၊ နိုဝင်ဘာလ ၂၈ ရက်တွင် မူဆယ်မြို့အနီးရှိ နို့စားနွားခြံအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်သုံးဦးအပါအဝင် လေးဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – cj
၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၌ တိုက်ပွဲများပြင်းထန်နေပြီး အရပ်သား ၆ ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်