ရန်ကုန်၊ မတ် ၁၈
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ချောင်းဖြူရွာနှင့် မယ်လှတောင်ရွာကြားရှိ ဧရာဝတီမြစ်လက်ကြားတွင် မတ် ၁၆ ရက်၊ ညနေ ၄ နာရီခွဲက အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးရေနစ်ကာ ပျောက်ဆုံးသွားကြောင်း သိရသည်။
အဆိုပါ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးသည် ဧရာဝတီမြစ်လက်ကြားတွင် ရေဆင်းကူးရာမှ ရေနစ်ပျောက်နေသဖြင့် ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်းထံ ၎င်းမိသားစုဝင်များက ဆက်သွယ်အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။
“ ဧရာဝတီမြစ်လက်ကြားမှာ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးနစ်ပြီး ပျောက်ဆုံးတယ်လို့ မိသားစုဝင်တွေရဲ့ သတင်းပေးပို့ချက်အရ ရှာဖွေရေးများ ဆောင်ရွက်ပေးခဲ့ပါတယ်။ အသင်းကနေ ရေငုပ်ရှာဖွေကယ်ဆယ်ရေးတွေ ဆက်တိုက်ဆောင်ရွက်ပေးခဲ့ပါတယ်။ မတ် ၁၇ ရက်၊ နံနက် ၁၁ နာရီမှ ရေနစ်သေဆုံးနေတဲ့ ရုပ်အလောင်းကို ရှာဖွေကယ်ဆယ်နိုင်ခဲ့ပါတယ်” ဟု ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ဧရာဝတီမြစ်လက်ကြားတွင် ရေဆင်းကူးရာမှ ရေနစ်သေဆုံးသည့် အသက် ၁၇ နှစ်အရွယ်လူငယ်၏ ရုပ်အလောင်းကို ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်း၏ ရေငုပ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့က အဆင့်မြင့်ရေငုပ်ပစ္စည်းများ အသုံးပြုပြီးရှာဖွေခဲ့ရာ သေဆုံးနေသည့် ရုပ်အလောင်းသာ ပြန်လည်ဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် အသက် ၁၇ နှစ်အရွယ် ရေနစ်သေဆုံးသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို မကွေးပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ အခမဲ့ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်းက ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
ဓါတ်ပုံ – ရောင်စုံမေတ္တာလူမှုကူညီရေးအသင်း
ဧရာဝတီမြစ်လက်ကြားတွင် အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး ရေနစ်သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်