ဧရာဝတီတိုင်း၌ ၉ လအတွင်း နေအိမ်အလုံး ၁၀၀ ကျော်အထိ ချိပ်ပိတ်ခံရ

မအူပင်၊ အောက်တိုဘာ ၂၃

ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့် ၉ လတာကာလအတွင်း ချိပ်ပိတ်သိမ်းဆည်းခံရသည့် လူနေအိမ် ၁၀၀ ကျော်အထိရှိပြီး ချိပ်ပိတ်သိမ်းဆည်းခံရသည့် အိမ်များထဲတွင် NLD ပါတီဝင် များနှင့် CDM ပညာရေးဝန်ထမ်းများ၏နေအိမ်များ အများဆုံးပါဝင်ကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီလမှ ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းထိ ၉ လတာကာလအတွင်း ဧရာဝတီတိုင်း၌ ချိပ်ပိတ်သိမ်းဆည်းခံရသည့် လူနေအိမ် ၁၀၀ ကျော်အထိရှိပြီး ချိပ်ပိတ်သိမ်း ဆည်းခံရသည့် အိမ်များထဲတွင် နိုင်ငံရေးတတ်ကြွလှုပ်ရှားသူ ၁၂ ဦး၊ နေအိမ် ၁၂ လုံး၊ NLD ပါတီဝင် ၄၉ ဦး၊ နေအိမ် ၄၉ လုံးနှင့် CDM ပညာရေးဝန်ထမ်း ၅၅ ဦး၏နေအိမ် ၅၅ လုံး တို့ဖြစ်ကြောင်း တတ်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

“ ပြီးခဲ့တဲ့ကိုးလအတွင်းမှာ ချိပ်ပိတ်ခံရတဲ့အိမ်က ၁၀၀ လောက်အထိကိုရှိခဲ့တာ။ ချိပ်ပိတ်ခံရတဲ့အိမ်အများစုက ပညာရေးဝန်ထမ်းတွေရဲ့ အိမ်တွေနဲ့ NLD ပါတီဝင်တွေရဲ့ အိမ်တွေပါ။ ချိပ်ပိတ်သိမ်းခံရတဲ့သူတွေထဲမှာ နေစရာအိမ်မရှိတော့ ငှားနေခဲ့သူတွေရှိတယ်။ အလုပ်ကမရှိတော့ ငှားမနေနိုင်သူတွေရှိတယ်။ သူများဈေးဆိုင်အဟောင်းမှာ တောင်းနေရတဲ့သူတွေ၊ ခြံကွက်တွေထဲ တောင်းနေရတဲ့သူတွေ ရှိခဲ့တယ်။ ဒါကလည်းခဏပဲ နေလို့ရတာတဲ့။” ဟု ၎င်းကဆက်ပြောသည်။

နေအိမ်ချိပ်ပိတ်ခံထားရသည့်သူ အများစုသည် အကြမ်းဖက်ဥပဒေပုဒ်မ၊ မတရားအသင်းဆက်သွယ်မှု၊ နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်ကိုအကြည်အညိုပျက်စေမှု စသည့်ပုဒ်မများ ဖြင့် အမှုဖွင့်ခံထားရသူများလည်းပါဝင်ပြီး မည်သည့်ပုဒ်မနှင့်မှ အမှုဖွင့်ခံထားရခြင်း မရှိသည့်သူများလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

“ ချိပ်ပိပ်သိမ်းဆီးခံရတဲ့အိမ်တွေ တော်တော်များများရှိလာတယ်။ PDF တွေနဲ့ ပတ်သက်တယ်လို့ဆိုပြီး ချိပ်ပိတ်ခံရတာများတယ်။ ဥပဒေကြောင်းအရ ပြန်လည်ခုခံချေပတင်ပြ တောင်းခံထားတယ်။ ဒါပေမယ့် ဒီကနေ့အထိ သက်ဆိုင်ရာဘက်က တုပ်တုပ်မလှုပ်သေးဘူး။” ဟု နေအိမ်များချိပ်ပိတ်သိမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ တစ်ဦးက ပြောသည်။

တစ်လအတွင်း ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရသည့် လူနေအိမ်အလုံး ၁၀၀ ကျော်သည် ကျိုက်လတ်၊ မအူပင်၊ ဝါးခယ်မ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဖျာပုံ၊ ရေကြည်၊ ဟင်္သာတ၊ ဝါးခယ်မ၊ ဒေးဒရဲ၊ မြောင်းမြ၊ ပန်းတနော်၊ ဓနုဖြူ၊ ဇလွန်၊ ငပုတော၊ လပွတ္တာ စသည့်မြို့နယ်များမှ နေအိမ်များ အများဆုံးပါဝင်ခဲ့ကြောင်း သိရသည်။

ဝဏ္ဏ

#ယနေ့ခေတ်

ဧရာဝတီတိုင်း၌ ၉ လအတွင်း နေအိမ်အလုံး ၁၀၀ ကျော်အထိ ချိပ်ပိတ်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.