ဧရာဝတီတိုင်းသို့လာသည့် ကားများနေခြင်းကြောင့် ရန်ကုန်-ပုသိမ်ကားလမ်းပိတ်ဆို့

ပုသိမ်၊ ဧပြီ ၁၄

ဧပြီလ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် သင်္ကြန်ရုံးပိတ်ရက် နေရပ်ပြန်သူများနှင့် ပင်လယ်ကမ်းခြေဒေသများသို့ အပန်းဖြေသွားသည့်အဆင်းကားများများနေခြင်းကြောင့် ဧရာဝတီတိုင်းအဝင် ရန်ကုန်-ပုသိမ်ကားလမ်းတွင် ကားများလမ်းပိတ်ဆို့မှုဖြစ်ပေါ်နေကြောင်း ခရီးသွားများထံမှ သိရသည်။

ညောင်တုန်းမြို့နယ် ပန်တိုင်ဂိတ်တွင် ယာဉ်စစ်ဆေးရေးဂိတ်ရှိခြင်းကြောင့် ဆင်းလာသည့် ကားအရေအတွက်များသည့်အတွက် စစ်ဆေးသည့်နေရာတွင် ကြန့်ကြာပြီး ယခုကဲ့သို့ကားများပိတ်ဆို့နေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“ ဟုတ်တယ် မွန်းကြပ်နေတာပဲ။ လှိုင်သာယာမြို့နယ် အလုပ်သမားဆေးရုံအနီးကနေ ညောင်တုန်းမြို့နယ်၊ ပန်တိုင် စစ်ဆေးရေးဂိတ်အထိ ပိတ်မိနေတာ။ အဓိကတော့ ကမ်းခြေသွားတဲ့ကားတွေနဲ့ နေရပ်ပြန်တဲ့သူတွေများလို့  ပိတ်သွားတာ။” ဟု ၎င်းကဆက်ပြောသည်။

ရန်ကုန်-ပုသိမ်ကားလမ်း ပန်တိုင်ဂိတ်တွင် ကမ်းခြေလာသည့် ဧည့်သည်ကားများနှင့် နေရပ်ပြန်သည့်ခရီးသွားကားများကို မှတ်ပုံတင်နှင့် ရပ်ကျေးထောက်ခံစာများ စစ်ဆေးနေမှုကြောင့်လည်း ယခုကဲ့သို့ ကားများပိတ်သွားခြင်းဖြစ်သည်ဟု ကားသမားတစ်ဦးက ပြောသည်။

“ ဧရာဝတီတိုင်း ဒေသခံအများစုက ရန်ကုန်တိုင်းထဲက လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တွေမှာရှိတဲ့ အလုပ်ရုံ၊ စက်ရုံတွေမှာ အများစုကအလုပ်လုပ်ကိုင်နေတာ။ အခုလို သင်္ကြန် အပါအဝင် အခါကြီးရက်ကြီးတွေရဲ့ ပိတ်ရက်ရှည်တွေမှာ နေရပ်ဇာတိကိုပြန်လာတဲ့သူတွေများတယ်။” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။

အဆိုပါ အခါသင်္ကြန်ပိတ်ရက်များအတွက် အပန်းဖြေကမ်းခြေများဖြစ်သော ချောင်းသာနှင့် ငွေဆောင်တည်းခိုခန်းများနှင့် ဟိုတယ်များတွင်လည်း အခန်းအားလုံးရာနှုန်းပြည့်နီးပါးကြိုတင်ဘိုကင်များ ပြည့်နေပြီဖြစ်သည်ဟု ဒေသခံ ဟိုတယ်ခရီးသွားလုပ်ငန်းရှင်များထံမှ သိရသည်။

ခန့်ခန့်

ယနေ့ခေတ်

ဧရာဝတီတိုင်းသို့လာသည့် ကားများနေခြင်းကြောင့် ရန်ကုန်-ပုသိမ်ကားလမ်းပိတ်ဆို့ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.