ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်ကို ဆက်သွယ်ပေးမည့် ချောင်းဝတံတားတည်ဆောက်မှု ၈၉ ရာခိုင်နှုန်းပြီးပြီ ဟုဆို

ပုသိမ်၊ ဖေဖော်ဝါရီ ၂၉

ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်ကိုဆက်သွယ်ပေးမည့် ငရုတ်ကောင်း-ဂေါ်ရန်ဂျီကမ်းခြေလမ်းပေါ်က ချောင်းဝတံတားကိုတည်ဆောက်လျက်ရှိရာ လက်ရှိ ၈၉ ရာခိုင်နှုန်းအထိ တည်ဆောက်ပြီးဖြစ်ကြောင် တံတားဦးစီးဌာနမှ သိရသည်။

အဆိုပါချောင်းဝတံတားသည် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်ရှိ ငရုတ်ကောင်း-ဂေါ်ရန်ဂျီကမ်းခြေလမ်းပေါ်တွင်တည်ရှိပြီး ရွှေသောင်ယံမြို့နယ်နှင့် ရခိုင်ပြည်နယ်ဂွမြို့ကိုတိုက်ရိုက်ဆက်သွယ်ပေးမည့်တံတားဖြစ်ပြီး တံတားတည်ဆောက်ရေးစီမံကိန်းကို ဧရာဝတီတိုင်းအစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေကျပ် သန်း ၇၀၄၀ အကုန်ကျခံပြီး ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁ ရက်က စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် ၈၉ ရာခိုင်နှုန်း အထိတည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

“ လက်ရှိ တံတားတစ်စင်းလုံးရဲ့ တည်ဆောက်မှုလုပ်ငန်း ၈၉ ရာခိုင်နှုန်း ဆောင်ရွက်နေပြီးစီးပြီဖြစ်တယ်။ တည်ဆောက်ရေးလုပ်ငန်းတွေကို စနစ်တကျနဲ့ ရေရှည်ခိုင်ခန့်စေဖို့အတွက်ကြပ်မတ်လုပ်ဆောင်နေတာ။ ဒီတံတားက ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်ကို ဆက်သွယ်ပေးမယ့်တံတားပါ။ ဒေသနှစ်ခုဖွံ့ဖြိုးရေးအတွက် အရေးပါတဲ့တံတားပါ။” ဟု အဆိုပါတံ တားတည်ဆောက်ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ချောင်းဝတံတားသည် အရှည်စုစုပေါင်း ၁၂၈၀ ပေ၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် ၃ ပေ၊ ရေလမ်းကင်းလွတ်အမြင့် ၁၂ ပေ၊ အကျယ် ၂၅ ပေ၊ အပေါ်ထည် PC Girder၊ RC Girder & RCSlab၊ ကိုယ်ထည် RC ကွန်ကရစ် အောက်ခံအုတ်မြစ်မှာဘိုးပိုင်အမျိုးအစားဖြစ်ကြောင်း သိရသည်။

“ တံတားက NLD ပါတီ လက်ထက်ကတည်းကဆောက်တဲ့ တံတားပါ။ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် တည်ဆောက်ရေးလုပ်ငန်းတွေ ကြန့်ကြာခဲ့တာ။ မြန်မြန်တည်ဆောက်ပြီးတော့လည်း ကျွန်မတို့ပြည်သူတွေ မြန်မြန်အသုံးပြုရတာပါ။” ဟု ဒေသခံတစ်ဦးက ပြောသည်။

ချောင်းဝတံတား ခံနိုင်ဝန်ခွင့်ပြုတန်ချိန်သည် ယာဉ်နှင့် ကုန်တန် ၆၀ ဖြစ်ပြီး၊ စီမံကိန်းလုပ်ငန်းများကို လာမည်မိုးရာသီမရောက်မီ အချိန်ပြီးစီးရန် မျှော်လင့်ကြောင်း ဒေသခံများက ဆိုသည်။

ခန့်ခန့်

ယနေ့ခေတ်

ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်ကို ဆက်သွယ်ပေးမည့် ချောင်းဝတံတားတည်ဆောက်မှု ၈၉ ရာခိုင်နှုန်းပြီးပြီ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.