ဧရာဝတီတိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ပုံမှန်အတိုင်း မလည်ပတ်သေးခြင်း ကြောင့် ဟိုတယ်ဝန်ထမ်းဦးရေ ၃၀၀ ကျော် အလုပ်လက်မဲ့ဖြစ်နေ

ပုသိမ်၊ သြဂုတ် ၉

ဧရာဝတီတိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ပုံမှန်အတိုင်း မလည်ပတ်နိုင်သေးခြင်းကြောင့် ဝန်ထမ်းဦးရေး ၃၀၀ ကျော် အလုပ်လက်မဲ့ဖြစ်နေရကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

ဧရာဝတီတိုင်းတွင် ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာလုပ်ငန်းများသည် ကိုဗစ် -၁၉ ရောဂါနှင့် နိုင်ငံရေးအကျပ်အတည်းများကြောင့် ရပ်တန့်ခဲ့ရပြီး ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ် သာလုပ်ငန်းများမှ ဝန်ထမ်းဦးရေ ၈၀၀ ဝန်းကျင်အထိ အလုပ်လက်မဲ့ဖြစ်ခဲ့ရပြီး လက်ရှိအထိ လုပ်ငန်းများပုံမှန်အခြေအနေအတိုင်း မလည်ပတ်နိုင်သေးခြင်းကြောင့် ဝန်ထမ်းဦးရေ ၃၀၀ ဝန်းကျင် အလုပ်လက်မဲ့ဖြစ်နေရကြောင်း သိရသည်။

” လက်ရှိ ဟိုတယ်လုပ်ငန်းတွေအားလုံးရဲ့ ၆၀ ရာခိုင်နှုန်းလောက်သာ လုပ်ငန်းပြန်လည်ပတ်နိုင်သေးတယ်။ ဒါကလည်း ကိုဗစ်ကူးစက်ရောဂါဖြစ်ပြီးသွားပေမဲ့ မပြီးနိုင်တဲ့ နိုင်ငံရေး အကျပ်အတည်းကြောင့်ပါ။ အားလုံး အလုပ်လက်မဲ့ဖြစ်ခဲ့တဲ့ အလုပ်သမားဝန်ထမ်းဦးရေက အယောက် ၈၀၀ ကျော်ရှိတယ်။ ပြန်လည်ပတ်နေပေမဲ့ အလုပ်လက်မဲ့အယောက် ၃၀၀ ကျော်အထိ ရှိနေသေးတယ်။” ဟု ဧရာဝတီတိုင်းကဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ဧရာဝတီတိုင်းတွင် ပုသိမ်မြို့နယ်၊ ငွေဆောင်ကမ်းခြေတွင် လိုင်စင်ရဟိုတယ် ၃၆ လုံး၊ ချောင်းသာနှင့် ရွှေသောင်ယံကမ်းခြေတွင် လိုင်စင်ရဟိုတယ် ၃၉ လုံး ရှိပြီး ဟိုတယ်၊ မိုတယ် လုပ်ငန်းများ ယခင်အတိုင်းပြန်မလည်ပတ်နိုင်သေးခြင်းကြောင့် အလုပ်ပြုတ်ခဲ့ရသည့်ဝန်ထမ်းများ အခက်အခဲများဖြစ်ပေါ်နေကြောင်း သိရသည်။

“အဝင် ဧည့်သည်မရှိတော့တဲ့အချိန်မှာ ဟိုတယ်မှာခန့်ထားတဲ့ ဝန်ထမ်းတွေကို ၃ ပုံ ၁ ပုံ အလှည့်ကျစနစ်နဲ့ ခွင့်ရက်ရှည်ပေးပြီး အလုပ်နားခိုင်းတာမျိုးတွေရှိတယ်။ လစာလျော့ချ ထားတဲ့ ဝန်ထမ်းတွေလည်း မနည်းရှိလာတယ်။ အလုပ်ပြန်ခန့်ဖို့မပြောနဲ့ ရှိနေတဲ့အလုပ်သမားတွေတောင် အဲ့ဒီလိုဖြစ်လာတာ။ ဟိုတယ်လုပ်ငန်းမှာက ဧည့်သည်က အဓိကလေ။ ဧည့်သည်မရှိရင် ကျွန်တော်တို့အတွက် ဘယ်လိုမှအဆင်မပြေဘူး။ အခုက ဧည့်သည်ဝင်ရောက်မှုက အခါကြီးရက်ကြီးတွေကလွဲလို့ မရှိဘူး။ အခက်အခဲရှိနေတဲ့ ဝန်ထမ်းတွေ မ နည်းဘူး ရှိနေတယ်။” ဟု ဟိုတယ်မန်နေဂျာတစ်ဦးကပြောသည်။

ဟိုတယ်နှင့် မိုတယ်လုပ်ငန်းများ ပုံမှန်အတိုင်းလည်ပတ်လုပ်ဆောင်နိုင်ရေး၊ တည်းခိုရန်လာသည့် ဧည့်သည်များ အစစအရာရာအဆင်ပြေစေရေးလုပ်ငန်းများကို စီမံအုပ်ချုပ်ရေး အဖွဲ့၊ ရဲတပ်ဖွဲ့၊ တပ်နှင့် ဟိုတယ်လုပ်ငန်းရှင်များ၊ ဟိုတယ်ဝန်ထမ်းများမှ ပူးပေါင်းပြီး ကြပ်မတ်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

#ဝဏ္ဏ

#ယနေ့ခေတ်

ဧရာဝတီတိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ပုံမှန်အတိုင်း မလည်ပတ်သေးခြင်း ကြောင့် ဟိုတယ်ဝန်ထမ်းဦးရေ ၃၀၀ ကျော် အလုပ်လက်မဲ့ဖြစ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.