ဧရာဝတီတိုင်းတွင် လျှပ်စစ်မီးကြောင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ရပ်တည်ရန် အခက်ကြုံနေ

ပုသိမ်၊ မေ ၂၈

ဧရာဝတီတိုင်းတွင် လျှပ်စစ်မီးပြတ်တောက်ချိန် ပိုမိုကြာမြင့်လာခြင်းကြောင့် အထည်ချုပ်လုပ်ငန်းများအပါအဝင် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ရပ်တည်ရန် အခက်ကြုံလာကြောင်း  စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။

ဧရာဝတီတိုင်းတွင် လျှပ်စစ်မီးကို အချိန်တစ်နှစ်ကျော်လာသည်အထိ တစ်ရက်လျှင်လျှပ်စစ်မီးလာသည့်အချိန် တစ်နာရီ၊ နှစ်နာရီဝန်းကျင်သာ အချိန်ပိုင်းဖြင့် လုပ်ငန်းများလုပ်ကိုင် နေရခြင်းကြောင့် အခက်အခဲများစွာဖြစ်ပေါ်လာကြောင်း အသေးစားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“ အရမ်းအရေးကြီးတဲ့ အော်ဒါတွေရမှ မီးစက်ကိုအသုံးပြုရမှာပေါ့။ အမြဲတမ်း မီးစက်မသုံးနိုင်ဘူးလေ၊ ဆီဈေးနဲ့ ကျွန်တော်တို့ရတာနဲ့က ဘယ်လိုမှမကိုက်ဘူး။ မီးလာတဲ့အချိန်အ တွင်းမှာပဲ အသဲအသန်လုပ်ရတာပေါ့။ အချိန်တစ်နှစ်ကျော်လာပြီ။ လုပ်ငန်းက အဆင်ပြေပြေမလုပ်ရတာဘူး။ ဒီအတိုင်းဆို အလုပ်လုပ်ရတာ အဆင်မပြေတော့ဘူး။” ဟု ၎င်းက ဆက်ပြောသည်။

ထိုသို့ လုပ်ငန်းများမိတ်မပျက်ရေး လုပ်ကိုင်လည်ပတ်နေရခြင်းကြောင့် မီးစက်ကိုလည်း အသုံးပြုနေရသည့်အတွက် ထုတ်လုပ်မှုကုန်ကျစရိတ်များ ယခင်ထက် သုံးဆကျော်ကျော် အထိကုန်ကျလာသည်ဟု အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။

“ အထည်ချုပ်စက်ရုံတွေမှာလည်း မီးလာတဲ့အချိန်မှပဲ အလုပ်ကိုစလုပ်ကိုင်နေကြရတယ်။ အလုပ်က မီးအခက်အခဲကြောင့် အတော်ခက်ခဲနေတယ်။ အရေးကြီးတဲ့ကုန်ပစ္စည်းတွေကို မီးစက်နဲ့လုပ်ရတော့လည်း မီးစက်ကို အားကိုးလို့မရဘူးဖြစ်နေတယ်။ အခု ဆီဈေးတွေနဲ့က မီးစက်ကိုအချိန်ပြည့်မသုံးနိုင်ဘူး။” ဟု အသေးစား အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းတွင် လျှပ်စစ်ဓာတ်အား အချိန်ပြည့်မရရှိသည့်အတွက်ကြောင့် ရေသန့်လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ ဆန်လုပ်ငန်း၊ မုန့်လုပ်ငန်း၊ ရုံးလုပ်ငန်းများ အဓိကအခက်အခဲဖြစ်ပွားနေကြောင်း သိရပြီး၊ သက်ဆိုင်ရာမှ လျှပ်စစ်မီးအခက်အခဲ လိုအပ်ချက်ရှိနေခြင်းကြောင့် နိုင်ငံတစ်ဝန်းကို လျှပ်စစ်မီးအားအချိန်အပိုင်းခြားဖြင့်သာ ပေးနေရကြောင်း သိရ သည်။ 

ခန့်ခန့်

ယနေ့ခေတ်

ဧရာဝတီတိုင်းတွင် လျှပ်စစ်မီးကြောင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ရပ်တည်ရန် အခက်ကြုံနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.