ရန်ကုန်၊ ဇူလိုင် ၂
ဧရာဝတီတိုင်းတွင် ရွှေအရောင်းဆိုင်တချို့နှင့် ရွှေပန်းတိမ်းလုပ်ငန်းများ ပိတ်သိမ်းလာမှုကြောင့် အရောင်းဝန်ထမ်းများနှင့် ရွှေပန်းတိမ်ပညာရှင်များ အလုပ်လက်မဲ့ဖြစ်ပေါ်နေကြောင်း အရောင်းဝန်ထမ်းများထံမှ သိရသည်။
ရွှေဆိုင်ပိုင်ရှင်များကို ဖမ်းဆီးခြင်း၊ ရွှေဈေးမတည်ငြိမ်မှုများဖြစ်ပေါ်ခြင်း၊ စီးပွားရေးကျဆင်းလာခြင်း၊ ဒေါ်လာဈေးမတည်မငြိမ်ဖြစ်လာခြင်း၊ လုယက်ခံရမှုများလာခြင်း စသည့် အကြောင်းအမျိုးမျိုးကြောင့် ရွှေဆိုင်များပိတ်သိမ်းလာရာ ရွှေလုပ်ငန်းကိုမှီခိုနေသောဝန်ထမ်းများ အလုပ်လက်မဲ့ဖြစ်လာကြောင်း ရွှေရောင်းဝယ်ရေးလုပ်ငန်းရှင်က ဆိုသည်။
“အခုလပိုင်းတွေမှာ ရွှေဆိုင်အများစုက တော်တော်ရောင်းအားထိုးကျနေတာ။ အခုနှစ် မေလကစလို့ ရွှေဆိုင်လုပ် ငန်းရှင်တွေ၊ ရွှေအရောင်းဆိုင်ပိုင်ရှင်တွေပါ ထပ်အဖမ်းခံရတော့ အရောင်းအဝယ်မလုပ်ရဲတော့လို့ ဆိုင်တွေပိတ် ကုန်တာ။ ဆိုင်တွေပိတ်ကုန်တော့ ရွှေအရောင်းအဝယ်နဲ့ဆက်စပ်တဲ့လုပ်ငန်းကို မှီခိုနေတဲ့သူတွေ အလုပ်လက်မဲ့ ဖြစ်ကုန်တယ်။ တစ်တိုင်းလုံးမှာရွှေဆိုင် ၁၀၀ ရှိရင် ဆိုင် ၇၀ လောက်ပိတ်သွားတော့ အလုပ်လက်မဲ့နှုန်းက ထောင် ချီဖြစ်နေတာပေါ့။” ဟု ပုသိမ်မြို့ရှိ ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ဧရာဝတီတိုင်းတွင် ရွှေဆိုင်အချို့ဖွင့်ထားသော်လည်း အရောင်းအဝယ်မရှိသလောက် ဖြစ်နေခြင်းကြောင့် ရွှေအရောင်းဝန်ထမ်း မထားနိုင်ခြင်း၊ အချို့ဆိုင်များ ဝန်ထမ်းလျော့ချခြင်း စသည့်အခြေအနေများကြောင့် ရွှေဆိုင်များကိုမှီခိုနေရသူများ အခက်အခဲရှိလာကြောင်း ရွှေဆိုင်အရောင်းဝန်ထမ်းများက ဆိုသည်။
” အစ်မတို့ရွှေဆိုင်က အဖမ်းအဆီးအစစ်အဆေးတွေကြောင့် ပိတ်ခဲ့တာ။ ရပ်တည်လာတာ ၁၇ နှစ်ကျော်ပြီ။ အရင်က အဲ့ကရတဲ့လစာလေးနဲ့ မိသားစုစားဝတ်နေရေးကိစ္စတွေကို ဖြေရှင်းရတာလေ။ အခုကျတော့ အလုပ်ပြုတ်တာနှစ်လကျော်ကျော်လောက်ရှိနေပြီ။ အလုပ်သစ်ကလည်း ရှာမရသေးဘူး။ ပြန်အဆင်ပြေချင်တယ်။ အရင်လို အရောင်းအဝယ်တွေ လွတ်လွတ်လပ်လပ် အဆင်ပြေပြေလုပ်ချင်တယ်။ အရင်အတိုင်း ပုံမှန်အခြေအနေရောက်ပြီး အဆင်ပြေချင်တယ်။” ဟု ဟင်္သာတမြို့ရှိ ရွှေအရောင်းဝန်ထမ်းတစ်ဦးက ပြောသည်။
ဧရာဝတီတိုင်းတွင် ရွှေအချောထည်လုပ်သည့် ပန်းတိမ်ပညာရှင်များ၊ အကြမ်းထည်လုပ်သည့် ပန်းတိမ်ပညာရှင်များ၊ အရောင်းဝန်ထမ်းများ၊ စာရေးဝန်ထမ်းများ၊ ကျောက်နှင့် အ ခြားရွှေလုပ်ငန်းနှင့်ဆက်စပ်သောဝန်ထမ်းများ အလုပ်ပြုတ်သွားသဖြင့် အခက်အခဲအကျပ်အတည်းများ ဖြစ်ပေါ်လာကြောင်း ဒေသခံများက ဆိုသည်။
ဧရာဝတီတိုင်းမှ ရွှေဆိုင်တွေအများစုသည့် ယခုကဲ့သို့ ဇွန်လ၊ ဇူလိုင်လ စပါးများပေါ်၊ ပဲများပေါ်နေချိန်တွင် အရောင်းအဝယ်ကောင်းလေ့ရှိသော်လည်း ယခုအခါ အရောင်းအဝယ်မရှိသလောက်ဖြစ်နေကြောင်း သိရသည်။
ခန့်ခန့်
ဓာတ်ပုံ – CJ
ယနေ့ခေတ်
ဧရာဝတီတိုင်းတွင် ရွှေဆိုင်အချို့ပိတ်သိမ်းသွားသဖြင့် ရွှေလုပ်ငန်းနှင့်ဆက်စပ်သူများ အလုပ်လက်မဲ့ဖြစ်လာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်