ပုသိမ်၊ ဧပြီလ ၁၇
ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့်မတ်လအတွင်း မီးလောင်မှုကြောင့် လူနေအိမ်အလုံး ၆၀ ကျော်ဆုံးရှုံးခဲ့ပြီး၊ လူ ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။
ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့် မတ်လ ၁ ရက်မှ ၃၁ ရက်အထိ တစ်လအတွင်း မီးလောင်မှုများကြောင့် လူနေအိမ်အလုံး ၆၀ ထက်မနည်း မီးလောင်ဆုံးရှုံးခဲ့ရပြီး၊ လူ ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ လူဦးရေ ၁၅၀ ထက်မနည်း မီးဘေးသင့်ခဲ့ရကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့်နီစပ်သူက ပြောသည်။
“ မီးလောင်မှုတွေထဲမှာ မီးပေါ့ဆမှုကြောင့်လောင်ရတဲ့ အကြောင်းအရင်းတွေကများတယ်။ အခုနောက်ပိုင်း မီးငြှိမ်းသတ်တဲ့လုပ်ငန်းတွေမှာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုက အားကောင်းလာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရမ်းကို ပူပြင်းခြောက်သွေ့နေတာကြောင့် မီးကို အမြဲသတိနဲ့သုံးဖို့ပြောချင်တယ်။” ဟု ၎င်းကဆက်ပြောသည်။
ဧရာဝတီတိုင်းတွင် တစ်လအတွင်းဖြစ်ပွားခဲ့သည့် မီးလောင်မှုများသည် လပွတ္တာ၊ ဖျာပုံ၊ မြောင်းမြ၊ မအူပင်၊ ရေကြည်၊ အိမ်မဲ၊ ကျောင်းကုန်း စသည့်မြို့နယ်များတွင် အများဆုံးဖြစ်ပွားခဲ့ပြီး၊ လပွတ္တာမြို့နယ်က မီးလောင်မှုတွင် လူ ၆ ဦး မီးလောင်ဒဏ်ရာများရရှိခဲ့ကြောင်း ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ မီးလောင်လို့ မီးခိုးမွှန်တာနဲ့ မီးလောင်လို့ အရှိန်ပြင်းတာကြောင့် ထိခိုက်ဒဏ်ရာရရှိတာ ၆ ယောက်ပါ။ ၆ ယောက်က မိန်းကလေးတွေချည်းပဲ။ အချိန်မီ ဆေးရုံတင်လိုက်နိုင်လို့ ကံကောင်းလို့ အသက်မသေပဲတာ။” ဟု ၎င်းကဆက်ပြောသည်။
အဆိုပါ မီးလောင်မှုမျာကြောင့် လူနေအိမ်အလုံး ၆၀ ထက်မနည်း မီးလောင်ဆုံးရှုံးခဲ့သည့်အပြင် ဈေးဆိုင်ခန်း ၆ ခန်းနှင့် အုပ်ချုပ်ရေးမှူးရုံး ၂ ခုပါ မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ ဆုံးရှုံးမှုတန်ဖိုးမှာ ခန့်မှန်းသိန်း ၅၀၀ ထက်မနည်းရှိခဲ့ကြောင်း သိရသည်။
ခန့်ခန့်
ယနေ့ခေတ်
ဧရာဝတီတိုင်းတွင် မတ်လအတွင်း မီးလောင်မှုကြောင့် နေအိမ် ၆၀ ထက်မနည်း ဆုံးရှုံးခဲ့ပြီး ၆ ဦးထိခိုက်ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်