ပုသိမ်၊ မတ်လ ၁
ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ဖောက်ထွင်း၊ ခိုးယူ၊ လုယက် ဓားပြတိုက်ခံရသည့်ဖြစ်စဉ် အကြိမ်ရေ ၃၀ နီးပါးအထိဖြစ်ပွားခဲ့ပြီး ယခင်ထက်ပိုမိုဖြစ်ပွားလာကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။
ဧရာဝတီတိုင်းတွင်ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၉ ရက်အထိ တစ်လအတွင်း လုယက်၊ ဖောက်ထွင်း၊ ခိုးယူ၊ ဓားပြတိုက်ခံရသည့်ဖြစ်စဉ် ၂၉ ကြိမ်အထိဖြစ်ပွားခဲ့ပြီး၊ ဇန်နဝါရီလ ၁ ရက်မှ ၃၁ ရက်အထိ တစ်လအတွင်း အထက်ပါဖြစ်စဉ် ၂၁ ကြိမ်သာဖြစ်ပွားခဲ့သဖြင့် ဖေဖော်ဝါရီလအတွင်းဖြစ်ပွားမှုမှာ ၈ ကြိမ်ပိုမိုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ ပြီးခဲ့တဲ့လ ပထမအပတ်ကလောက်မှာ ပိုအဖြစ်များခဲ့တယ်၊ ဖမ်းမိတဲ့ ဖြစ်စဉ်တွေရှိပါတယ်။ ဖမ်းမမိသေးတဲ့ဖြစ်စဉ်တွေ လည်းရှိသေးတယ်။ တရားဥပဒေစိုးမိုရေးကို အားလုံး ပေါင်းစပ်ဆောင်ရွက်မှ အဆင်ပြေမယ်လို့ပဲ မှတ်ချက်ပေးချင်တယ်။” ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ပုသိမ် ဒေသခံတစ်ဦးက “ စီးပွားရေးတွေကျပ်တည်းလာလို့ အခုလိုပြဿနာတွေပိုပိုဖြစ်လာတာ။ အခုထက် ပိုပိုဖြစ်လာဖို့ပဲရှိတယ်။ ဘာလို့ဆိုတော့ စပါး၊ ဆန်ထွက်တဲ့ဒေသမှာ ဆန်စပါးရှားလာတော့ လုယက်၊ ဓားပြတိုက်တော့တာပေါ့။” ဟု ဆိုသည်။
ဧရာဝတီတိုင်းတွင် ဓနုဖြူ ၊ ပုသိမ် ၊ ငပုတော၊ ချောင်းသာ၊ ဘိုကလေး၊ မအူပင်၊ ဟင်္သာတ၊ ဒေးဒရဲ၊ ကျောင်းကုန်း၊ မြောင်းမြ၊ လပွတ္တာ၊ အိမ်မဲ၊ ပန်းတနော်၊ ရေကြည်၊ ဇလွန် စသည့်မြို့နယ်များ၌ အဆိုပါမှုခင်းဖြစ်စဉ်များ အများဆုံးဖြစ်ပွားခဲ့ကြောင်း သိရသည်။
ခန့်ခန့်
ယနေ့ခေတ်
ဧရာဝတီတိုင်းတွင် ဖေဖော်ဝါရီလအတွင်း လုယက်၊ ဓားပြတိုက်၊ ဖောက်ထွင်းခိုးယူမှု အကြိမ် ၃၀ နီပါး ဖြစ်ပွားခဲ့ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်