ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့်တစ်လအတွင်း လေပြင်းဒဏ်ကြောင့် လူနေအိမ် ၆၇ လုံးထက်မနည်း ပျက်စီး

ရန်ကုန်၊ နိုဝင်ဘာ ၂၁

ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့်အောက်တိုဘာလအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၆၇ လုံးထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဘေးအန္တရာယ်ကာကွယ်ကူညီရေး အဖွဲ့အစည်းများထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်မှ ၃၁ ရက်အထိ တစ်လအတွင်း ဧရာဝတီတိုင်းတွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်အလုံး ၄၀ ပြိုကျပျက်စီးခဲ့ပြီး၊ အိမ် ၂၇ လုံး အမိုးလန်ပျက်စီးခဲ့ကာ၊ အိမ်ထောင်စု ၆၇ တွင်ရှိသည့်ဒေသခံများ လေဘေးဒဏ်ခံစားခဲ့ရကြောင်း ဧရာဝတီတိုင်း ဘေးအန္တရာယ်ကာကွယ်ကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အောက်တိုဘာလထဲ ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ် ခဲ့တဲ့ “ ဒါနာ” (DA NA) မုန်တိုင်းရဲ့အရှိန်ကြောင့် လေပြင်းတိုက်ခတ်မှုအဖြစ်များခဲ့တာ။ တစိတ်တပိုင်းပျက်စီးတဲ့အိမ်က နည်းပါတယ်။ လုံးဝပျက်စီးခဲ့တဲ့အိမ်တွေကများတယ်။ အိမ်တွေကတော့အစုံပေါ့။ သဘာဝဘေးအန္တရာယ်ခံစားခဲ့ရတဲ့သူတွေကို သက်ဆိုင်ရာက ကူညီထောက်ပံ့ပေးတာတွေရှိပါတယ်။ လေပြင်းကြောင့် လူတွေ၊ တိရိစ္ဆာန်တွေ ထိခိုက်သေဆုံးတာတော့မရှိခဲ့ဘူး။” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။

ပြီးခဲ့သည့်တစ်လအတွင်း ဧရာဝတီတိုင်းထဲက မအူပင်၊ ဒေးဒရဲ၊ သာပေါင်း၊ ဟင်္သာတ၊ ဝါးခယ်မ၊ လေးမျက်နှာ၊ ဖျာပုံ စသည့်မြို့နယ်များတွင် လေပြင်းတိုက်ခတ်သည့်ဒဏ်ကြောင့် အများဆုံးပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

“အောက်တိုဘာ ၂၂ ရက်ကလေပြင်းကြောင့် အိမ်ကလုံးဝပြိုကျပျက်စီးသွားတာ။ လူတွေထိခိုက်တာမရှိပါဘူး။ ယာယီတဲထိုးနေရတယ်။ သက်ဆိုင်ရာက ငွေနဲ့ အသုံးအဆောင်ပစ္စည်းတအချို့ထောက်ပံ့ပေးပါတယ်။ အိမ်အသစ်ဆောက်ဖို့တော့ မလောက်ငှဘူး။” ဟု ဒေးဒရဲ မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

ယခုအခါ လေဘေးသင့်ဒေသခံများသည် နေအိမ်များပျက်စီးခဲ့မှုကြောင့် နီးစပ်ရာဆွေမျိုးများနှင့် အသိမိတ်ဆွေများ၏နေအိမ်များတွင် ယာယီပြောင်းရွှေ့နေရခြင်းနှင့် ယာယီတဲထိုးနေရသူများလည်းရှိနေကြောင်း သိရသည်။

#ခန့်ခန့်

ဓာတ်ပုံ-  MV

#ယနေ့ခေတ်

ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့်တစ်လအတွင်း လေပြင်းဒဏ်ကြောင့် လူနေအိမ် ၆၇ လုံးထက်မနည်း ပျက်စီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.