ပုသိမ်၊ မေ ၉
ဧရာဝတီအတွင်းရှိ အိမ်သုံးဆေးဆိုင်များတွင် ရောင်းချနေသည့် ဆေးဝါးဈေးနှုန်းများ ထပ်မံမြင့်တက်လာခြင်းကြောင့် ဆေးတာရှည်သောက်နေရသည့် နာတာရှည်ရောဂါသည်များအနေဖြင့် ဆေးဝါးဆက်လက်သောက်ရန် အခက်အခဲများရှိလာကြောင်း သိရသည်။
ပြည်ပနိုင်ငံမှတင်သွင်းရသည့် ဆေးဝါးဈေးနှုန်းများမှာ ငွေကျပ် ၅၀၀၀ မှ လက်ရှိတွင် ငွေကျပ် ၁၀,၀၀၀ ကျော်အထိ ဆေးဝါးဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာခြင်းကြောင့် ရေရှည်ဆေးသောက်နေရသည့် နာတာရှည်ရောဂါသည်များမှာ ဆေးဝါးဆက်လက်သောက်သုံးနိုင်ရန် အခက်အခဲရှိလာကြောင်း မအူပင်မြို့နယ်မှ နှလုံးရောဂါဝေဒနာရှင်တစ်ဦးက ပြော သည်။
“ ဆေးဝယ်တဲ့အခါ တစ်ဆိုင်နဲ့တစ်ဆိုင် ဈေးနှုန်းတွေအရမ်းကွာခြားနေတယ်။ ဆေးဝါးတွေလည်း ဈေးအတော်တက်လာပါတယ်။ အရင်က ၅၀၀၀ လောက်နဲ့ဝယ်သောက်နေတဲ့ဆေး က အခု ၁၀,၀၀၀ လောက်ပေးဝယ်ခဲ့ရတယ်။ ရေရှည်ဆေးစွဲသောက်ရတဲ့သူတွေအတွက်ဆို အခုလို ဈေးအဆမတန်တွေနဲ့ ဝယ်သောက်နေရတာ အခက်အခဲဖြစ်ပါတယ်။ နောက်လည်း ဒီလိုထပ်ပြီး ဈေးတက်လာမယ်ဆို ဆေးဆက်သောက်နိုင်ဖို့တောင် မသေချာနိုင်ဘူး။” ဟု ၎င်းဆက်ပြောသည်။
လက်ရှိအချိန်တွင် ဆေးဝါးဆေးနှုန်းများမှ ၂၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်လျက်ရှိနေပြီး တစ်ချို့သောဆေးကုမ္ပဏီကြီးများမှာ ဆေးဝါးထုတ်လုပ်မှု ရပ်ဆိုင်းလိုက်သည့် အတွက် ဆေးဝါးပြတ်တောက်မှုအခြေအနေများ ကြုံတွေ့လာကြောင်း ဆေးဆိုင်ပိုင်ရှင်များကဆိုသည်။
“ မြန်မာနိုင်ငံမှာ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိဈေးတက်တယ်။ ဒီထက်ပိုဈေးတက်တာလည်း ရှိကောင်းရှိနိုင်တယ်။ ဈေးကွက်မှာ ဆေးဝါးပြတ်တောက်တာတော့ ရှိနိုင်တယ်။ ဆေးကုမ္ပဏီတစ်ခုက ရပ်တန့်လိုက်ပေမယ့် အဲဆေးပုံစံတူအမျိုးအစားက တခြားကုမ္ပဏီမှာလည်းရှိနိုင်တယ်။ brand ကိုလိုက်ပြီး သောက်သုံးမယ်ဆိုရင်တော့ အဲဆေးသောက်သုံးတဲ့လူနာက ဆေးပြတ်တောက်နိုင်တယ်။ အဲလိုမဟုတ်ဘဲ နောက်ကုမ္ပဏီတစ်ခုက ဆေးကိုသောက်မယ်ဆိုရင်တော့ အသက်ရှူချောင်မယ်လို့မြင်တယ်။” ဟု ပုသိမ်မြို့မှ နိုင်ငံခြားဆးဝါး ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ဆေးဝါးဈေးနှုန်းများ အဆမတန်မြင့်တက်လာမှုနဲ့ပတ်သက်ပြီး လုပ်ငန်းရှင်တွေအနေနဲ့ တစ်ဖက်ကပြည်သူလူထုအကျိုးကိုရှေးရှုပြီး ဆေးဝါးတွေကို ကြိုတင်ဈေးတင်ရောင်းတာမဟုတ်ဘဲ ကိုယ်ဝယ်ထားတဲ့ဈေးနဲ့ ရောင်းရမယ့်ဈေးကိုထိန်းချုပ်ပြီး အများပြည်သူဝယ်ယူနိုင်အောင် ရောင်းချပေးစေလိုကြောင်း လူမှုကူညီရေးအဖွဲ့များက အကြံပြုတိုက်တွန်းထားချက်အရ သိရသည်။
မြန်မာနိုင်ငံတွင်သုံးစွဲနေသည့်ဆေးဝါးများကို အိန္ဒိယနိုင်ငံမှ ၇၅ ရာခိုင်နှုန်းခန့်အထိ မှာယူသုံးစွဲနေရကာ ဘင်္ဂလားဒေရှ့်၊ မလေး ရှား၊ ဂျာမနီ၊ ပါကစ္စတန်နှင့် တူရကီတို့မှ မှာယူသုံးစွဲနေကြကြောင်း ဆေးဝါးရောင်းချသူများထံမှ သိရသည်။
ခန့်ခန့်
ဓာတ်ပုံ- CJ
ဧရာဝတီတိုင်းတွင် နိုင်ငံခြားဆေးဝါးဈေးနှုန်း ထပ်မံမြင့်တက်လာခြင်းကြောင့် နာတာရှည်ရောဂါသည်များ အခက်အခဲဖြစ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်