ပုသိမ်၊ ဇူလိုင် ၄
ဧရာဝတီတိုင်းတွင် ဆီထွက်သီးနှံမြေပဲများ အထွက်နှုန်းကျဆင်းခဲ့မှုကြောင့် ဒေသခံတောင်သူများ အရှုံးပေါ်ခဲ့ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
ဧရာဝတီတိုင်းမှာ ယခုနှစ်နွေသီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးထားသော ဆီထွက်သီးနှံမြေပဲများကို နောက်ဆုံးသိမ်းဆည်းနေသည့်အချိန်ဖြစ်ပြီး အရင်နှစ်များက မြေပဲတစ်ဧကလျှင် ပျှမ်းပျှ ၆၅ တင်းအထိ ထွက်ရှိခဲ့သော်လည် ယခုနှစ်တွင် မြေပဲတစ်ဧက ပျှမ်းမျှ ၄၅ တင်းအထိသာ အများဆုံးထွက်ရှိကြောင်း သိရသည်။
“အခုနှစ် တစ်ဆနှစ်ဆလျော့ကျနေတယ်။ မြတ်ဖို့မပြောနဲ့ ရိတ်ခြွေဖိုးနဲ့ စက်သုံးဆီဖိုးတောင် မနည်းရအောင်ပြန်လုပ်နေရတယ်။ ဒီအတိုင်းဆို မိုးသီးနှံတောင်လုပ်နိုင်ဖို့ မသေချာဘူး။ လုပ်ဖို့လည်း အရင်းအနှီးရှာရဦးမယ်။ ခါတိုင်းဆို နွေသီးနှံတွေသိမ်းပြီးတာနဲ့ မိုးသီးနှံစိုက်ဖို့ အရင်းအနှီးသုံးနိုင်တယ်။ အခုက မသုံးနိုင်တော့ဘူး။ အဓိကကတော့ ရာသီဥဖောက်ပြန်တာနဲ့ နိုင်ငံရေးအကျပ်အတည်းတွေကြောင့် ဒုက္ခတွေရောက်ရတာ။ မြေပဲဈေးကတော့မဆိုးပါဘူး။” ဟု ဧရာဝတီတိုင်းမှတောင်သူတစ်ဦးက ပြောသည်။
ဆီထွက်သီးနှံမြေပဲများ အထွက်နှုန်းကျဆင်းခြင်းသည် ဧရာဝတီတိုင်းတွင်းဖြစ်ပွားခဲ့သော ရာသီဥတုဖောက်ပြန်မှုများ ဖျက်ပိုးကိုက်ဖျက်ခြင်း၊ နိုင်ငံရေးအကျပ်အတည်းများကြောင့် စိုက်ပျိုးရေးသွင်းအားစုများ ဈေးထိုးတက်နေခြင်း၊ သီးနှံများအထွက်ကောင်းစေဖို့၊ ပိုးမွှားအန္တယ်မကျရောက်စေဖို့ သုံးနေကျပိုးသတ်ဆေးများ၊ မြေသြဇာများ အပြည့်အဝမသုံးစွဲနိုင်ခြင်းကြောင့်လည်း လယ်ယာလုပ်ငန်းများကို စနစ်တကျမလုပ်နိုင်ခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။
“ဒီပုံစံအတိုင်းဆို မလွယ်တော့ဘူး။ မိသားစုတွေက အခြားအလုပ်ပဲလုပ်ဖို့ပြောနေတာ။ အဆင်မပြေတာ သုံးနှစ်ကျော်လာပြီ။ အခုက အထွက်လျော့တဲ့ဒဏ်ခံနေရတဲ့အပြင် ပံ့ပိုးတာလည်း ဘာမှမရဘူးဖြစ်နေတယ်။ ချေးငွေတွေလည်း အသစ်မလာတဲ့အပြင် အဟောင်းတောင် အတင်းဖိအားပေးတောင်းနေတယ်။” ဟု မအူပင်မြို့နယ်မှ လယ်သမားတစ်ဦးက ပြောသည်။
ဧရာဝတီတိုင်းတွင် တောင်သူများသည် မြေပဲအထွက်နှုန်းကျဆင်းနေသည့်အပြင် လယ်ယာသုံးစက်သုံးဆီ လိုသလောက်ဝယ်မရခြင်း၊ စက်သုံးဆီဈေးများ ပြန်မကျသေးခြင်း၊ ဓာတ် မြေသြဇာဈေးများ ပြန်မကျခြင်း၊ ယခင်ကချေးထားသည့်ချေးငွေများကို အတင်းတောင်းနေခြင်း စသည်အခြေအနေ အခက်အခဲများလည်းကြုံနေရကြောင်း သိရသည်။
ခန့်ခန့်
ဓာတ်ပုံ- CJ
#ယနေ့ခေတ်
ဧရာဝတီတိုင်းတွင် ဆီထွက်သီးနှံမြေပဲ အထွက်နှုန်းကျဆင်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်