ဧရာဝတီတိုင်းတွင် ဆန်ဈေးအဆ မတန်မြင့်တက်လာမှုကြောင့် အခြေခံလူတန်းစားများအခက်အခဲနှင့်ကြုံနေရ

ပုသိမ်၊ မတ်လ ၁

စပါးများအဓိကစိုက်ပျိုးထုတ်လုပ်ပြီး ဆန်အများဆုံးထွက်ရှိသည့် ဧရာဝတီတိုင်းတွင် ဆန်ဈေးအဆမတန်ထိုးတက်လာမှုကြောင့် အခြေခံလူတန်းစားများ အခက်အခဲဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဧရာဝတီတိုင်းတွင် ယခုရက်ပိုင်းအတွင်း ဆန်ဈေးသိသိသာသာ မြင့်တက်လာပြီး ပြီးခဲ့သည့်ဖေဖော်ဝါရီလ ပထမအပတ်က ပေါ် ဆန်းဆန်တစ်အိတ်ကို ငွေကျပ် ၈၇,၀၀၀၊ ဆန်ကြမ်းတစ်အိတ်ကိုငွေကျပ် ၅၉,၀၀၀ ဝန်းကျင်သာရှိခဲ့ပြီး၊ လက်ရှိတွင်ပေါ်ဆန်း ဆန်ချောတစ်အိတ်ကို ၁၁၀,၀၀၀ ကျပ်နှင့် ၁၂၅,၀၀၀ ကျပ်အထိ၊ ဆန်ကြမ်းတစ်အိတ်ကို ငွေကျပ် ၈၉,၀၀၀ နှင့် ၉၇၀,၀၀၀ ကျပ်အထိ ဈေးမြင့်တက်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ကိုယ်ရောင်းတဲ့ ရောင်းကုန်ကျတော့ ဈေးမရှိဘူး။ ကိုယ်ဝယ်ရမယ့်ဟာက အရင်ထက်ဈေး ၃ ဆလောက်တက်နေတာ။ အရင်က ငွေတစ်သိန်းရှိရင် ဆန်နှစ်အိတ်ကျော်ကျော် လောက် ဝယ်လို့ရတယ်။ အခုက ဆန်တစ်အိတ်တောင် မရချင်တော့ဘူး။ ဒီရက်ပိုင်းအတွင်း ထိုးတက်လာတာ။ စပါးသစ်ပေါ်လို့ ဈေးကျသွားမယ်ထင်တာ။ အခုရွာဘက်မှာတချို့က ဆန်ပြုတ်သောက်နေရတယ်။ တချို့က မနက်နဲ့ ညပေါင်းစားနေရတယ်။ ဆန်မစားနိုင်တော့လို့ ဆန်ကွဲစားနေရတဲ့သူတွေလည်း ရှိနေတယ်။ တချို့စားနိုင်သောက်နိုင်ရှိသူတွေတောင်အရင်က ဆန်ကောင်းတွေကိုပဲ ဝယ်စားခဲ့တာ။ ပေါ်ဆန်းဆန်ပေါ့။ အခု ဆန်ကြမ်းဝယ်စားနိုင်ဖို့အတွက်တောင် မနည်းလုပ်နေရတယ်တဲ့။ ဆန်တွေ၊ စပါးတွေ အများဆုံးထွက်တဲ့ ကိုယ့်ဒေသမှာတောင် အဲ့လိုဖြစ်နေတာ။” ဟု အထက်ပါဒေသခံက ဆက်ပြောသည်။

ဧရာဝတီတိုင်းတွင် နိုင်ငံရေးအကျပ်အတည်းကြောင့် စပါးစိုက်ပျိုးမှုလျော့နည်းလာခြင်း၊ စိုက်ပျိုးရေးသုံးဆေးဝါးများ ဈေးအမဆတန်တက်လာသည့်အတွက် အပြည့်အဝမသုံးနိုင်ခြင်း စသည့်အခက်အခဲများကြောင့် စပါးအထွက်လျော့ကျကာ ဆန်ဈေးမြင့်တက်နေရခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဒေသထွက် ဆန်၊ စပါးအထွက်နည်းနေသော်လည်း ပြည်တွင်းကဆန်များကို ပြည်ပဈေးကွက်ကို ပြီးခဲ့သည့်နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီလများက အများအပြားတင်ပို့ခဲ့ခြင်းကြောင့်လည်း ယခုကဲ့သို့ ဆန်ဈေးထိုးတက်လာခြင်းဖြစ်သည်ဟု ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်းရှင်များက ဆိုသည်။

“ဆန်ဈေး အရမ်းတက်လာတယ်၊ အခုရက်ပိုင်းတွေဆိုရင် ပိုဆိုးတာပေါ့။ အရောင်းအဝယ်လုပ်ရတာလည်း အဆင်မပြေတော့ဘူး။ အငတ်ဘေးဆိုက်တော့မယ်။ အခုပေါက်နေတဲ့ဆန်ဈေးက ရောင်းရတာလည်း မကောင်းသလို၊ ဝယ်ရတာလည်း မကောင်းဘူး။ ဒီအတိုင်ဆို မလွယ်ဘူး။ လက်ရှိ ဆတ်လပ်ကြီး၊ ဆန်ကွဲတမျိုးပေါ့နော် အဲ့ဒီ ဆန်ကွဲအဝယ်များနေတယ်။ ဆန်မစားနိုင်တော့ဘူးလေ။ အခြေခံလူတန်းစားတွေပဲ ငတ်နေတတာမဟုတ်ဖူး။ စားနိုင်သောက်နိုင်သူတွေပါ ငတ်လာပြီ။ ဧရာဝတီတိုင်းမှာ အခုလိုအဖြစ်ကြုံရတာ စိတ်မ ကောင်းစရာပဲ။” ဟု ဧရာဝတီတိုင်းမှ ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ယခုကဲ့သို့ ဆန်ဈေး၊ စပါးဈေးများ အဆမတန်ထိုးတက်လာခြင်းသည် ဧရာဝတီတိုင်းတွင် နိုင်ငံရေးအပြောင်းအလဲများဖြစ်ပေါ်ခဲ့ပြီးနောက် အမြင့်ဆုံးဈေးဖြစ်ပြီး၊ ဆန်ကွဲစားရသူများ ပထမဆုံးကြုံလာရခြင်းဖြစ်သည်ဟု သိရသည်။

ထို့အပြင် အဆမတန်ထိုးတက်လာသည့် ဆန်ဈေးနှုန်းကို ထိန်းချုပ်ရန်အတွက် ပြီးခဲ့သည့်စက်တင်ဘာလက အခြေခံစပါးရည်ညွှန်းဈေးကို သတ်မှတ်ခဲ့ပြီး၊ ဆန်အိတ်ရေ ၁၀၀၀ နှင့် စပါးတင်းရေ ၅၀၀၀ အထက် သိုလှောင်ထားသူများကို လိုင်စင်လုပ်ရမည်ဟု သက်ဆိုင်ရာကသတ်မှတ်ခဲ့ကြာင်း သိရသည်။

ခန့်ခန့်

ယနေ့ခေတ်

ဧရာဝတီတိုင်းတွင် ဆန်ဈေးအဆ မတန်မြင့်တက်လာမှုကြောင့် အခြေခံလူတန်းစားများအခက်အခဲနှင့်ကြုံနေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.