ဧရာဝတီတိုင်းတွင် စိုက်ဘဏ်ချေးငွေများပြန်ဆပ်ရန် အပြင်မှအတိုးနှုန်းမြင့်မားစွာဖြင့် ချေးယူနေရခြင်းကြောင့် တောင်သူများအခက်အခဲဖြစ်နေ

ပုသိမ်၊ သြဂုတ် ၈

ဧရာဝတီတိုင်းတွင် စိုက်ပျိုးစရိတ်ချးငွေ အကြွေးကျန်များကို ပြန်မဆပ်လျှင် တရားစွဲမည်ဟုဆိုကာ ပြန်လည်တောင်းယူနေသည့်အတွက် အပြင်မှငွေကျပ် တစ်သိန်းလျှင် တစ်လ အတိုးနှစ်သောင်းပေးယူကာ ပြန်ဆပ်နေရခြင်းကြောင့် ဒေသခံတောင်သူများ အခက်အခဲဖြစ်ပေါ်နေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

စိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျန်များကို ယခုနှစ်စိုက်ပျိုးရာသီမကုန်မီ နောက်ဆုံးထား ပြန်လည်းပေးဆပ်ပေးရန်နှင့် ပေးဆပ်ရန်ပျက်ကွက်ပါက တည်ဆဲဥပဒေအရလည်းကောင်း၊ မြေခွန်မပြေ၊ ကျန်ငွေဖြစ်ဘိသကဲ့သို့လည်းကောင်း အရေးယူမည်ဟုဆိုကာ ချေးငွေကျန်တောင်သူ လယ်သမားများထံ နို့တစ်စာပို့အကြောင်းကြားတောင်းယူနေကြောင်းသိရသည်။

ထို့ကြောင့် တောင်လယ်သမားများသည် ငွေကျပ်တစ်သိန်းလျှင် တစ်လအတိုးနှစ်သောင်းအထိပေးရသည့် အပြင်မှငွေကိုချေးယူပြီး စိုက်ပျိုးစရိတ်ချေးငွေများကို စိုက်ပျိုးရေးဘဏ် သို့ ပြန်လည်းပေးဆပ်နေရကြောင်း သိရသည်။

“ စိုက်ပျိုစရိတ်ချေးငွေ အကြွေးကျန်တွေကို ဆပ်ကြတဲ့သူတွေလည်းရှိတယ်။ မဆပ်နိုင်သူတွေလည်း မနည်းရှိနေတယ်။ မဆပ်နိုင်သူတွေက စပါးတွေအထွက် နှုန်းလျော့ကျ၊ ဓာတ် မြေသြဇာဈေးတွေတက်၊ စက်သုံးဆီဈေးတွေတက်တော့ စပါးတွေကို စိုက်ဧကပြည့်အောင် မစိုက်နိုင်ခဲ့တာကြောင့် စပါးအထွက်နည်းတော့ စိုက်ဘဏ်ချေးငွေကို ပြန်ဆပ်ဖို့ ကျွန် တော်တို့မှာခက်ခဲသွားတယ်။ ဒါ့ ကြောင့် အရင်နှစ်တွေအတိုင်း လွယ်လွယ်ပြန်မဆပ်နိုင်တာပါ။ ပြန်မဆပ်ရင် တရားစွဲမယ်လို့လုပ်လာတော့ ကြောက်လို့လေ။ အပြင်ကနေ အတိုး ကြီးကြီးနဲ့ယူပြီး ပြန်ဆပ်နေရတာ။” ဟု ဧရာဝတီတိုင်းမှတောင်သူတစ်ဦးက ပြောသည်။

ဒေသခံတောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေပြန်ဆပ်ရန် အပြင်မှငွေ ကျပ်တစ်သိန်းလျှင် တစ်လအတိုး ၂၀,၀၀၀ သောင်းပေးချေးယူနေရသည့်အတွက် ချေးငွေသိန်း ၂၀ မှ သိန်း ၃၀ အထိ ပြန်လည်ရ ရန်ချေးယူနေရသည့် တောင်သူများမှာ ငွေသိန်း ၂၀ အတွက် တစ်လအတိုး ၄၀၀,၀၀၀ မှ သိန်း ၃၀ အတွက် တစ်လအတိုး ၆၀၀,၀၀၀ အထိပေးနေရ သဖြင့် အတိုးနှုန်းကတစ်ဘက်၊ သက်ဆိုင်ရာမှ တရားစွဲမည့်အဖြစ်ကတစ်ဘက်၊ အကျပ်အတည်းနှစ်မျိုးကို ရင်ဆိုင်နေကြရကြောင်း သိရသည်။

” တောင်သူတွေအတွက် အခက်အခဲအမျိုးစုံကြုံနေရတော့ တစ်မျိုးမျိုးတော့ ဆောင်ရွက်ပေးသင့်တယ်လို့ ယူဆတယ်။ ဒီလိုအခက်အခက်တွေ ဘက်ပေါင်းစုံ ကြုံနေရတာကို စိုက် ဘဏ်ချေးငွေတွေကို အတင်းပြန်တောင်းတာဟာ မလုပ်သင့် မလုပ်ထိုက်တဲ့အလုပ်လို့ထင်တယ်။ ဧရာဝတီတိုင်းကတောင်သူတွေ စပါးတွေမထွက်တာ၊ စပါးတွေမိုးမိတာ၊ စက် သုံးဆီနဲ့ ဓာတ်မြေသြဇာတွေ ဈေးတက်လို့ ဧကပြည့်မီအောင် မစိုက်နိုင်တာ မရှိ၊ ရှိတာလေးနဲ့ စပါးစိုက်လို့ပြီးတဲ့အခါ ရွှေခရုတွေကျပြီး ကိုက်ဖျက်နေတာတွေ တွေ့မြင်ကြားသိနေ ရတယ်။” ဟု တောင်သူလယ်သမားအရေး ဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

သက်ဆိုင်ရာအနေဖြင့် တောင်သူများအခက်အခဲကြုံနေရသည့် အခြေအနေများကိုစိစစ်ပြီး စိုက်ပျိုးစရိတ်ချေးငွေ အကြွေးကျန်များကို အရစ်ကျစနစ် ဆိုင်းငံ့ပေးသည့်စနစ် စသည့် စနစ်တစ်မျိုးအမျိုး သတ်မှတ်ပြင်ဆင်ဆောင်ရွက်ပေးရန် ဒေသခံတောင်သူများမှလိုလားနေကြောင်း သိရသည်။

ပြည်တွင်း၌ ဧရာဝတီတိုင်းသည် ဆန်စပါးစိုက်ပျိုးရေးလုပ်ငန်းကို အခြေခံလုပ်ကိုင်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး မိုးစပါး ၃ ဒသမ ၇ သန်းကျော်နှင့် နွေစ ပါး ၁ ဒသမ ၄ သန်း ကို နှစ်စဉ်စိုက်ပျိုးထုတ်လုပ်နေကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။

#ဝဏ္ဏ

#ယနေ့ခေတ်

ဧရာဝတီတိုင်းတွင် စိုက်ဘဏ်ချေးငွေများပြန်ဆပ်ရန် အပြင်မှအတိုးနှုန်းမြင့်မားစွာဖြင့် ချေးယူနေရခြင်းကြောင့် တောင်သူများအခက်အခဲဖြစ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.