ပုသိမ်၊ အောက်တိုဘာ ၂၄
ဧရာဝတီတိုင်းတွင် ယခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီ၌ သွင်းအားစုကုန်ကျစရိတ် များလာခြင်းကြောင့် မိုးသီးနှံကို ထက်ဝက်ကျော်အထိ လျော့ချစိုက်ပျိုးနေရကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။
သွင်းအားစု စိုက်ပျိုးစရိတ်များ အဆမတန်ကုန်ကျလာခြင်းကြောင့် ဧရာဝတီ တိုင်းမှ တောင်သူများသည် ယခုနှစ်မိုးသီနှံ စိုက်ပျိုးရာသီ၌ လယ်မြေ ၁၀ ဧက ရှိသည့် တောင်သူတစ်ယောက်ကို လေးဧကအထိသာ စိုက်ပျိုးခဲ့ပြီး တစ်ဧက ရှိသည့် တောင်သူတစ်ဦး ဧကတစ်ဝက်သာ စိုက်ပျိုးကြကြောင်း သိရသည်။
” စက်သုံးဆီဈေးနှုန်းကလည်း ပြီးခဲ့တဲ့နှစ်တွေကစပြီး ပုံမှန်ထက် တော်တော်ကိုတက်နေတာ။ အနည်းအငယ် သုံးတဲ့သူတွေအတွက်တော့ ကိစ္စမရှိဘူး။ အများကြီးသုံးရတဲ့ ဦးတို့ တောင်သူတွေအတွက် အတော့်ကိုအခက်အခဲဖြစ်နေတယ်။တစ်ရာသီလည်းမဟုတ် နှစ်ရာသီလည်းမဟုတ်ဖြစ်နေပြီ။ အရင်က ဆီတစ်ပေပါ ၅၀ ဂါလံကို ငွေကျပ် ၁ သိန်း ၅ သောင်းဘဲရှိတာ။ အခု ၅ သိန်းခွဲကျော်နေပြီ။ မြေဩဇာဈေးနှုန်းတွေကလည်း ဘယ်မြေသြဇာအိတ်ဖြစ်ဖြစ် အရင်က တစ်အိတ် သုံးသောင်းကျော်ပဲရှိတာ။ အခုနှစ် တစ်အိတ်ကို ငွေကျပ် ၁၃၀,၀၀၀ အထိ မြင့်လာတယ်။ ဘယ်လိုမှ မတတ်နိုင်တဲ့ အခြေအနေတွေဖြစ်လာလို့ အခုလိုပဲ ဧကတွေလျောချစိုက်ဖို့ ဆုံးဖြတ်ရတာပါ။ ဧကပြည့်စိုက်ချင်တာပေါ့။ စိုက်ပျိုးစရိတ်အတွက် မရှိပါဘူး။ စားဖို့တောင် အနိုင်နိုင်။” ဟု ဧရာဝတီတိုင်းမှ တောင်သူတစ်ဦးက ပြောသည်။
ဧရာဝတီတိုင်းတွင် တောင်သူများသည် ယခင်နှစ် သီးနှံစိုက်ပျိုးရာသီက နယ်မြေမတည်ငြိမ်မှုများကြောင့် ဘေးလွတ်ရာ ထွက်ပြေးခဲ့ရသဖြင့် စိုက်ပျိုးသီးနှံများ ရိတ်သိမ်းခွင့်မရ ဖြစ်ကာ အရှုံးပေါ်ခဲ့ခြင်းကြောင့် ယခုနှစ် စိုက်ပျိုးရန်အတွက် စိုက်ပျိုးစရိတ် ပြန်မသုံးနိုင်ခြင်းများလည်းဖြစ်နေကြောင်း သိရသည်။
” ဒီနှစ်မှာလည်း နယ်မြေမတည်ငြိမ်မှုတွေ ဆက်ရှိနေပါတယ်။ ကျွန်မတို့ဒေသမှာ ဒီနှစ်လည်း စိုက်ပျိုးမှုဧကတွေ လျော့နည်းနေတယ်။ နည်းနည်းငြိမ်တဲ့ ရွာတွေဘက်မှာတော့ စိုက် ကြတာတွေ့ရတယ်။ ဒါတောင် အရင်လို အများကြီးမဟုတ်ဘူး။ ကျွန်မတို့ကိုယ်တိုင်လည်း မနှစ်ကစိုက်ခဲ့တဲ့သီးနှံတွေ ပြန်မရိတ်သိမ်းနိုင်ခဲ့တာကြောင့် ဒီနှစ် အရင်းထည့်ဖို့ မရှိဖြစ် နေတာ။ မရှိတဲ့အတူတော့ မတတ်နိုင်ဘူးလေ၊ ကိုယ်စားဖို့လောက်ပဲ စိုက်တော့မှာ။” ဟု ပုသိမ်မြို့နယ်မှ တောင်သူတစ်ဦးက ပြောသည်။
ယခုကဲ့သို့ စိုက်ပျိုးရေးသွင်းအားစုများ အဆမတန် ဈေးတက်နေခြင်းကြောင့် တောင်သူများ အခက်အခဲရှိခြင်းသည် နိုင်ငံရေးအကျပ်အတည်းများကြောင့် ဖြစ်ပွားလာရသည့် အကျိုးဆက်များဖြစ်ပြီး နိုင်ငံရေးအခြေအနေ ပုံမှန်ကို ပြန်ရောက်တဲ့အချိန်အထိ ကုန်ဈေးနှုန်းတွေက တက်နေဖို့သာရှိသည်ဟု စိုက်ပျိုးရေးပစ္စည်းများ တင်သွင်းရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
” အခုက အကုန်ကြပ်တည်းနေတာ။ ဒီအခြေအနေတိုင်းဆို မလွယ်တော့ဘူး။ အရောင်းအဝယ်တွေလည်း မကောင်းဘူး။ အခု တောင်သူတွေ အခက်အခဲဖြစ်နေရတဲ့ အဓိကအ ကြောင်းအရင်းကလည်း ကုန်ဈေးနှုန်းတွေ ထိုးတက်နေတာကြောင့်ပါ။ ကုန်ဈေးနှုန်းတွေ ထိုးတက်လာတာကလည်း နိုင်ငံရေး အကြပ်အတည်းတွေကြောင့် ဖြစ်နေတာ။ ကုန်ဈေး နှုန်းတွေက အခုထက် ထပ်တက်ဖို့ သာရှိတယ်။” ဟု ၎င်းက ဆက်ပြောသည်။
ဧရာဝတီတိုင်းတွင် တောင်သူများသည် မိုးသီးနှံအား စပါးအပြင် မြေပဲ၊ ငရုတ်၊ နှမ်း၊ ဖူးစားပြောင်း၊ ဟင်းသီးဟင်းရွက်၊ အစေ့ထုတ်ပြောင်းနှင့် အခြားသီးနှံများအား စိုက်ပျိုးကြ ကြောင်း သိရသည်။
ထို့အပြင် စိုက်ပျိုးစရိတ်လုံးဝမရှိသည့် တောင်သူများသည် ယခုနှစ် မိုးသီးနှံကို မစိုက်သူများလည်းရှိလာကြောင်း တောင်သူများမှပြောပြချက်အရ သိရသည်။
ဝဏ္ဏ
#ယနေ့ခေတ်
ဧရာဝတီတိုင်းတွင် စိုက်ပျိုးစရိတ် မတတ်နိုင်ခြင်းကြောင့် ယခုနှစ် မိုးသီးနှံစိုက်ပျိုးမှု ထက်ဝက်ကျော်လျာ့နည်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်