ဧရာဝတီတိုင်းတွင် စပါးဈေးကျဆင်းခြင်းကြောင့် အရောင်းအဝယ်အေး

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

ဧရာဝတီတိုင်းတွင် စပါးဈေးကျဆင်းနေရာ လယ်သမားအများစုက စပါးထုတ်ရောင်းခြင်းမပြုဘဲ ဈေးစောင့်နေခြင်းကြောင့် အရောင်းအဝယ်အေးနေကြောင်း ဧရာဝတီတိုင်း ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

“အခု ၂၂ ၊ ၂၃ အထိတိုးပေးတယ်။ ဒါပေမဲ့ တောင်သူတွေကမရောင်းကြဘူး။ မရှိလို့ မရောင်းတာလား၊ ဈေးစောင့်တာလားမသိဘူး။ ဒါပေမဲ့ ဈေးကွက်ထဲပြတ်လာရင် လက်ကြီးသမားတွေဆင်းဝယ်ရင် ဈေးက ဒီဈေးထက်မြင့်မှာ။ နောက်ကျစိုက်ထားတဲ့ ရေကြီးတဲ့အထဲမပါတဲ့ စပါးခင်းတွေကလည်း အခုဆိုရိတ်ခါနီးပြီဆိုတော့ စပါးဝယ်လက်တွေဆင်းပြီး စပါးဝယ်တာတွေရှိတယ်။ အသစ်ဈေးက တင်း ၁၀၀ ကို သိန်း ၂၀ အထိပဲပေးတော့ ရောင်းသူမရှိဘူး။ အခုစပါးတင်း ၁၀၀ ကို ၂၂ သိန်း ၊ ၂၃ သိန်း အထိပေးဝယ်တာတောင် မလွယ်ဘူး။” ဟု စပါးရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ဧရာဝတီတိုင်းတွင် ရေကြီးရေလျှံဖြစ်ပြီးနောက်ပိုင်း စပါးအဝယ်ခေတ္တရပ်နေချိန် စပါးတင်း ၁၀၀ ကို သိန်းကျပ် ၂၀ အောက်သာပေးဝယ်ခဲ့ရာမှ ယခုအခါ စပါးလိုသလောက်မရခြင်းကြောင့် ဈေးထပ်တိုးပေးနေရကြောင်း သိရသည်။

“ဒီနှစ်က ရေကြီးရေလျှံတော့ ဧရာဝတီတိုင်းမှာ ပျက်တာပြုတာရှိတယ်။ အထက်နဲ့အောက်မှာလည်း ရေကြီးတော့ စပါးထွက်ကလျော့ဖို့ အနည်းအများပဲကွာတယ်။ ရေကျတော့လည်း စပါးခင်းတွေမှာ နုန်းတွေရှိနေတော့ စပါးပြန်စိုက်ဖို့မလွယ်ခဲ့ဘူး။ ရေကြီးတော့ လှောင်စပါးတွေ ရေထိတာရှိတယ်။ တောင်သူအများစုက ထုတ်မရောင်းတာများတယ်။ ဈေး က အရင်ကဈေးမရတော့ဘူး။” ဟုဝါးခယ်မမြို့နယ်မှ တောင်သူတစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းတွင် သာပေါင်း၊ ဒေးဒရဲ၊ ပန်းတနော်၊ ဝါးခယ်မ၊ မော်လမြိုင်ကျွန်း၊ မအူပင်၊ လပွတ္တာ၊ သာပေါင်း၊ ဟိုင်းကြီးကျွန်း၊ အင်္ဂပူ၊ ကန်ကြီးထောင့်၊ ရေကြည် စသည့်ဒေသများလည်း ရေကြီးရေလျှံမှုများကြောင့် မိုးစပါး ၅၀ ရာခိုင်နှုန်းအထိပျက်စီးခဲ့ကြောင်း သိရသည်။

#ခန့်ခန့်

Photo – MV

#ယနေ့ခေတ်

ဧရာဝတီတိုင်းတွင် စပါးဈေးကျဆင်းခြင်းကြောင့် အရောင်းအဝယ်အေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.