ဧရာဝတီတိုင်းတွင် စပါးဈေးကောင်းသော်လည်း တောင်သူများအကျိုးအမြတ်မရှိဖြစ်နေ

ပုသိမ်၊ မတ် ၆

ဧရာဝတီတိုင်းတွင် စပါးတင်း ၁၀၀ ကို ငွေကျပ် ၁၈ သိန်းအထိ ဈေးကောင်းလာသော်လည်း တောင်သူများမှာ အကြောင်းအမျိုးမျိုးကြောင့် လုပ်ကိုင်နေသည့်လယ်များကိုပါ ရောင်းချလာရကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ဧရာဝတီတိုင်းမှ တောင်သူများအနေဖြင့် မိရိုးဖလာလုပ်ကိုင်နေသည့် လယ်ကွက်များကို ပြန်လည်ရောင်းချနေရခြင်းသည်အခက်အခဲအမျိုးစုံကြုံနေရခြင်းကြောင့် ဖြေရှင်းစရာနည်းလမ်းမရှိသည့်အတွက် ရောင်းချနေရခြင်းဖြစ်သည်ဟု ဘိုကလေးမြို့နယ်မှ ဒေသခံတောင်သူတစ်ဦးက ပြောသည်။

“ အခု ဧရာဝတီတိုင်းမှာ စပါးတင်း ၁၀၀ ကို ၁၈ သိန်းဈေးအထိပေါက်နေတယ်။ တောင်သူတွေလက်ထဲ စပါးမကျန်မှ စပါးဈေးကတက်လာတာ။ ကျွန်မတို့ကလည်း လက်ထဲကို စပါးမထားနိုင်ပါဘူး၊ စပါးစရိတ်ကတည်းက ရောင်းထုတ်ရတာ။ သွင်းအားစုဖိုး၊ ရိတ်စက်ခဖိုး၊ မျိုးစေ့ဖိုး၊ ဘေးကနေအတိုးနဲ့ဆွဲပြီး လယ်ထဲထည့်ထားတဲ့အကြွေး အကုန်ပြန်ဆပ်ဖို့ရောင်းခဲ့ရတာ။ အဲ့ဒီအချိန်က စပါးဈေးက မကောင်းခဲ့ဘူး။ တင်း ၁၀၀ မှ ၁၄ သိန်းလောက်အထိပဲရှိခဲ့တာ။ သွင်းအားစုဈေးတွေကလည်း အဆမတန်ထိုးတက်နေတာ၊ လယ်လုပ်ရ တာအမြတ်မရှိတာ သုံးနှစ်ထဲရောက်လာပြီ။ ဘယ်ရောင်းချင်ပါ့မလဲ၊ ဘယ်လိုမှ မရှင်းတတ်တော့လို့ ရောင်းရတ။ နှစ်ဧကရောင်းလိုက်တယ်။ တစ်ဧက ၂၅ သိန်းနဲ့ ဒါတောင် အကြွေးကျေရုံလောက်ပဲရှိသေးတယ်။” ဟု အထက်ပါ ဒေသခံတောင်သူက ဆက်ပြောသည်။

မော်လမြိုင်ကျွန်းမြို့နယ်မှ ဒေသခံတောင်သူတစ်ဦးက “ စိုက်ပျိုးရေးကုန်ကျစရိတ်တွေ အဆမတန်ကုန်ကျခဲ့တာ။ ဓာတ်မြေသြဇာတွေကို အရင်စံချိန်အတိုင်း မသုံးနိုင်ခဲ့တော့ စပါးတွေအထွက်ကျဆင်းခဲ့တယ်။ ဒါတောင် လယ်တစ်ဧက ကုန်ကျစရိတ်အနည်းဆုံးက ငွေကျပ် ၁၀ သိန်းလောက်အထိ ကုန်ကျစရိတ်ရှိခဲ့တယ်။ အရင်း ၁၀ သိန်းပြန်ရအောင်တောင် မနည်းလုပ်ခဲ့ရတယ်။ ဦးလေးတို့မိသားစု အခုလုပ်နေတဲ့လယ် ရောင်းရတဲ့ပြဿနာက နိုင်ငံတော်ကိုပြန်ပေးဆပ်ရမယ့် ဘဏ်အကြွေးကျန်ဆပ်ဖို့ပါ။ ဘဏ်ကြွေးတွေကလည်း မဆပ်ရင် ဖမ်းမယ်၊ တရားစွဲမယ်ဆိုတာတွေလုပ်လာလို့လေ။ အဖမ်းတော့ မခံနိုင်ပါဘူး။ လယ်မလုပ်ရလည်းနေတော့ဆိုပြီး ရောင်းတာပါ။” ဟု ဆိုသည်။

ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့် မိုးစပါးစိုက်ပျိုးရာသီက ဒေးဒရဲ၊ အိမ်မဲ၊ ဝါးခယ်မ၊ ဘိုကလေး၊ မအူပင်၊ ဖျာပုံ၊ ကျိုက်လက် စသည့်မြို့နယ်များက စပါးခင်းများတွင် စပါးအပင်ဖျက်ရွှေခရု ကျရောက်ခြင်း၊ စပါးဖျက်ပိုးများကျရောက်ခဲ့ခြင်းကြောင့် စပါးအထွက်နှုန်းများ အဆမတန်ကျဆင်းခဲ့ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်းသည် ဆန်စပါးအများဆုံး စိုက်ပျိုးထုတ်လုပ်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး၊ မိုးစပါးစိုက်ဧက ၃၇ သိန်းကျော်နှင့် နွေစပါးစိုက်ဧက ၁၄ သိန်းကျော်ကို နှစ်စဉ်စိုက်ပျိုးကြကြောင်း သိရသည်။

ခန့်ခန့်

ယနေ့ခေတ်

ဧရာဝတီတိုင်းတွင် စပါးဈေးကောင်းသော်လည်း တောင်သူများအကျိုးအမြတ်မရှိဖြစ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.