ဧရာဝတီတိုင်းတွင် ငါးမြစ်ချင်းဈေးကျဆင်းပြီး ငါးစာဈေးမြင့်တက်နေသဖြင့် ငါးမွေးမြူသူများ အရှုံးပေါ်နေ

ပန်းတနော်၊ မေ ၁၉

ဧရာဝတီတိုင်းတွင် ငါးမြစ်ချင်းဈေးကျဆင်းနေပြီး ငါးအစာဈေးမြှင့်တက်နေခြင်းကြောင့် ငါးမွေးမြူရေးလုပ်ကိုင်သူများ အရှုံးပေါ် နေကြောင်း မွေးမြူရေးလုပ်ငန်းရှင်များထံမှ သိ ရသည်။

လက်ရှိတွင် ဒေသထွက် ငါးမြစ်ချင်းတွေကို ပြည်ပဈေးကွက်ကို အကန့်အသတ်ဖြင့်သာ တင်ပို့ရောင်းနေရခြင်းကြောင့် ပြည်တွင်းဈေးကွက်တစ်ခုတည်းကို အားကိုနေရသဖြင့် ငါးမြစ်ချင်းတစ်ပိသာကို ငွေကျပ် ၅၅၀၀ အထိ ဈေးကျဆင်းနေကြောင်း မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“ အခုက ငါးဈေးကျဆင်းနေတယ်။ ငါးအစာဈေးမြင့်တက်နေတယ်။ မွေးမြူထုတ်လုပ်မှုစရိတ်က ပိုမိုများပြားလာပြီး အကျိုးအမြတ်ကနည်းနေတယ်။ ငါးတစ်ပိဿာကို ကျပ် ၄၀၀၀ ဝန်းကျင်ထိ အရှုံးပေါ်နေတယ်။” ဟု ၎င်းကဆက်ပြောသည်။

မွေးမြူရေးလုပ်ငန်းတွင် အဓိကအသုံးပြုရသည့် ကြက်စာ၊ ငါးအစာတွေဖြစ်သော ဖွဲနု၊ ပြောင်း စသည့်ကုန်ပစ္စည်းများက ပြည်တွင်း၌ ဈေးကြီးမြင့်တက်နေခြင်းကြောင့် ယခုကဲ့သို့ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူများ အခက်တွေ့ကြုံနေရခြင်းဖြစ်သည်ဟု ဆိုသည်။

“ ပြီးခဲ့တဲ့တစ်လက ကန်ပေါ်တယ်၊ ငါးမြစ်ချင်းမွေးထားတာ ရှုံးပါတယ်။ အကြွေးလည်းတင်နေပါပြီ။ ဈေးကွက်က အခုအတိုင်းဆိုရင် ငါးမွေးကန်ကိုရောင်းပြီး အကြွေးဆပ်ရမလိုဖြစ်နေပါတယ်။” ဟု ပန်းတနော်မြို့က ငါးမြစ်ချင်းမွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းတွင် ငါးမြစ်ချင်းမွေးမြူရေးလုပ်ငန်းကို မအူပင်၊ ပန်းတနော်၊ ဝါးခယ်မ၊ ဘိုကလေး၊ ဓနုဖြူ၊ မော်လမြိုင်ကျွန်း စသည့်မြို့နယ်များတွင် အဓိကလုပ်ကိုင်ကြကြောင်း သိ ရသည်။

ထို့အပြင် ငါးများကို ရန်ကုန်ဘက်သို့ ကုန်တင်ကားများဖြင့်ပို့ရခြင်းကြောင့် လမ်းခရီးတွင် ကားများကို ယခင်ကထက်စစ်ဆေးမှုများသဖြင့် အချိန်ကြန့်ကြာသည့်အတွက် ပုပ်ပွဆုံးရှုံးမှုများဖြစ်ပေါ်နေကြောင်း သိရသည်။

ခန့်ခန့်

ဓာတ်ပုံ- CJ

ယနေ့ခေတ်

ဧရာဝတီတိုင်းတွင် ငါးမြစ်ချင်းဈေးကျဆင်းပြီး ငါးစာဈေးမြင့်တက်နေသဖြင့် ငါးမွေးမြူသူများ အရှုံးပေါ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.