ပုသိမ်၊ ဇွန်လ ၂၄
ဧရာဝတီတိုင်းတွင် မွေးမြူရေးသုံးကုန်ပစ္စည်းများ ဈေးတက်နေခြင်းကြောင့် ရေချိုပုဇွန်မွေးမြူရေးလုပ်ငန်းများ ရပ်နားလာရကြောင်း ဧရာဝတီတိုင်း မွေးမြူရေးလုပ်ငန်းရှင်များအသင်းမှ သိရသည်။
ဧရာဝတီတိုင်းတွင် မွေးမြူရေးသုံးပစ္စည်းများ အဆမတန်ဈေးတက်လာပြီး ဆုံးရှုံးမှုများဖြစ်ပေါ်လာသဖြင့် ဆက်လက်ရင်းနှီးမြှုပ်နှံခြင်းမပြုနိုင်ခြင်းကြောင့် ယခုကဲ့သို့ ရေချိုပုဇွန်မွေးမြူရေးလုပ်ငန်းများ ရပ်နားလာရကြောင်း ဧရာဝတီတိုင်းမှ မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
“ပထမ ကိုဗစ်ဖြစ်တယ်။ ပုဇွန်မွေးမြူတဲ့လုပ်ငန်းကို ထိန်းလုပ်ခဲ့ရတယ်။ ထပ်ပြီးတော့ နိုင်ငံရေးအခြေအနေကြောင့် ကုန်ဈေးနှုန်းတွေက ထိုးတက်လာတယ်။ အဲ့မှာ ပိုဆိုးသွားတယ်။ ပြည်ပပုဇွန်ဈေးကွက်ကလည်း လုံးဝအဆက်အသွယ်ပြတ်နေတာ၊ ဒါ့ကြောင့် ဒီနေ့အထိ နလန်မထူဖြစ်လာလို့ ရပ်နားတာပါ။” ဟု အထက်ပါလုပ်ငန်း ရှင်က ဆက်ပြောသည်။
ဧရာဝတီတိုင်းထဲတွင် ဟင်္သာတ၊ ပန်းတနော်၊ ဝါးခယ်မ၊ ဓနုဖြူ၊ ကျိုက်လတ်၊ လပွတ္တာ စသည့်မြို့နယ်များမှ ရေချို ပုဇွန်မွေးမြူတဲ့လုပ်ငန်းလုပ်ကိုင်သူ အယောက် ၂၀ ထက်မနည်း ထိခိုက်မှုများဖြစ်ပေါ်လာပြီး လုပ်ငန်းများရပ်ဆိုင်း လာရကြောင်း သိရသည်။
“တောင့်ခံပြီးလုပ်လာတာ ဘယ်လိုမှအဆင်မပြေလို့ ရပ်လိုက်ရတာ။ ကိုဗစ်ဖြစ်တဲ့ ၂၀၁၉ နဲ့ ၂၀၂၀ လောက်က တောင် အဆင်ပြေခဲ့ပါသေးတယ်။ အခုက မွေးမြူရေးကုန်ကျစရိတ်က ၁၅ သိန်းဆို၊ ပြန်ရတော့ ၈ သိန်းတောင်မနည်းဖြစ်နေတာ။ အဓိကတော့ ကုန်ဈေးနှုန်းတက်လာပြီး ပြည်ပဈေးကွက်မရှိတာ။” ဟု မွေးမြူရေးလုပ်ငန်းရှင် နောက်တစ်ဦးက ပြော သည်။
ဧရာဝတီတိုင်းတွင် ယခင်က ရေချိုပုဇွန်များကို စနစ်တကျမွေးမြူထုတ်လုပ်ပြီး ထိုင်း၊ စင်္ကာပူ၊ တရုတ် စသည့်ပြည်ပဈေးကွက်များကို အဓိကတင်ပို့ရောင်းချခဲ့ခြင်းဖြစ်ပြီး အဆိုပါဈေးကွက်များကို မတင်ပို့နိုင်သည်မှာ ၃ နှစ် ကျော်လာပြီဖြစ်ကြောင်း မွေးမြူရေးလုပ်ငန်းရှင်များက ဆိုသည်။
ထို့အပြင် မွေးမြူရေးလုပ်ငန်းရှင်များသည် လုပ်ငန်းရပ်နားလိုခြင်းမရှိသည့်အတွက် ဆက်လုပ်လာခဲ့သော်လည်း ပုဇွန်ကန်တစ်ကြိမ်ဖော်ပါက ကျပ်ငွေ ၆ သိန်းမှ ၈ သိန်းအထိ အရှုံးပေါ်ကြောင်း ထို့ကြောင့် ရပ်နားထားရခြင်းဖြစ်ကြောင်း မွေးမြူရေးလုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။
ခန့်ခန့်
ဓာတ်ပုံ – ခန့်ခန့်
ယနေ့ခတ်
ဧရာဝတီတိုင်းတွင် ကုန်ကြမ်းပစ္စည်းဈေးကြောင့် ရေချိုပုဇွန်မွေးမြူရေးလုပ်ငန်းများ ရပ်နား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်