ဧရာဝတီတိုင်းကထွက်သည့် ပင်လယ်ငါးစည်ဖောင်းခြောက်များ ပြည်ပဈေးကွက်သို့ ပြန်လည်မတင်ပို့နိုင်သေး

ဖျာပုံ ၊ မတ်လ ၄

ဧရာဝတီတိုင်းမှထွက်ရှိသည့် ပင်လယ်ငါးစည်ဖောင်းခြောက်များ ပြည်ပဈေးကွက်ကို ပြန်လည်မတင်ပို့နိုင်သေးခြင်းကြောင့် ပြည်အတွင်းဈေးကွက်တစ်ခုတည်းသာ အားကိုးနေရသဖြင့် ငါးစည်ဖောင်းလုပ်ငန်းလုပ်ကိုင်သူများ အခက်အခဲဖြစ်ပေါ်နေကြောင်း ငါးစည်ဖောင်းခြောက်ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

အဆိုပါ ငါးစည်ဖောင်းခြောက်များကို ယခင်က ပြည်ပဈေးကွက်ဖြစ်သည့် စင်္ကာပူ၊ တရုတ်၊ ထိုင်းစသည့်နိုင်ငံများကို တင်ပို့ရောင်းချခဲ့ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါနှင့် နိုင်ငံရေးအကျပ်အတည်းများကြောင့် ယနေ့အထိ ပြန်လည်တင်ပို့ရောင်းချနိုင်ခြင်း မရှိသေးခြင်းကြောင့် ပြည်တွင်းဈေးကွက်ကိုသာ အားကိုနေရသည့်အတွက် အခက်အခဲဖြစ်ပေါ်နေခြင်းဖြစ်သည်ဟု လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“ပင်လယ်ငါးစည်ဖောင်းခြောက်ဈေးကွက်က တော်တော်လေးထိုးကျလာတယ်။ ဒီရက်ပိုင်းအတွင်းပိုဆိုးလာတယ်။ ပြည်တွင်းဈေးတခုတည်းကို အားကိုးနေရတာလေ။ ဈေးက ဘယ်ရမလဲ။ အရင်က ပြည်ပဈေးကွက်ရှိတော့ အရောင်းလည်းသွက်သလို ဈေးကောင်းလည်းရတယ်။ ဈေးကောင်းရတာ့ ရေလုပ်သားတွေရော၊ ကုန်သည်တွေရော အဆင်ပြေခဲ့တယ်။ အခုတော့ အကုန်ငုတ်တုတ်မေ့နေတယ်။ ဒီအတိုင်းဆို အဆင်ပြေတော့ဘူး။ အကုန်ငတ်ကုန်မှာ။ စည်ဖောင်းခြောက်လုပ်ရတဲ့ငါးတွေကလည်း အရင်ထက်ရှားလာတယ်။ ကုန်ချိန်က သိပ်မရဘူးလေ။ ကုန်ချိန်ကမရ၊ ဈေးက မရဖြစ်နေတာ။” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။

ငါးစည်ဖောင်ခြောက်ဈေးသည် ယခင်က ငါးရွှေ ငါးစည်ဖောင်းခြောက်တစ်ပိသာကို ငွေကျပ် ၇၅,၀၀၀၊ ငါးရောင်း ငါးစည်ဖောင်းခြောက်တစ်ပိသာကို ငွေကျပ် ၅၇,၀၀၀၊ ငါးပုတ်သင်ငါး စည်ဖောင်းခြာက်တစ်ပိသာကို ငွေကျပ် ၁၂ဝ,ဝ၀၀ ဈေးအထိပေါက်ခဲ့ပြီး လက်ရှိငါးရွှေငါး စည်ဖောင်းခြောက်တစ်ပိသာကို ငွေကျပ် ၅၅,၀၀၀ ၊ ငါးရောင်း ငါးစည်ဖောင်းခြောက်တစ်ပိသာကို ငွေကျပ် ၄၅,၀၀၀ ၊ ငါးပုတ်သင် ငါးစည်ဖောင်းခြောက်တစ်ပိသာကို ငွေကျပ် ၇၀,၀၀၀ ဈေးသာပေါက်တော့ကြောင်း သိရသည်။

“ လုပ်လို့ကိုင်လို့ အဆင်ပြေဘူးဆို အကုန်အဆင်ပြေဖြစ်လာတာ ။ ရသလောက်လေးနဲ့ မငတ်ရေးလုပ်လာတာ။ ဈေးကကောင်းကောင်းမရတဲ့အပြင် အခုနှစ် ငါးဖမ်းရာသီမှာ စည်ဖောင်းထုတ်လို့ရတဲ့ငါးတွေ တစ်နေ့တစ်ကောင်တောင် မရတဲ့နေ့ရှိတယ်။ စည်ဖောင်းလုပ်တဲ့ငါးမရတော့ အခြားငါးတွေလည်း ရသလားဆိုတော့ မရဘူးဖြစ်နေတယ်။ အရင် ၃ နှစ်လောက်ကို အလုပ်လုပ်ရတာ အဆင်ပြေဘူး။ ငါးတွေရှားပါးလာတာပါ။ ဘက်ထရီရှော့ခ်တိုက်ငါးဖမ်းတာတွေကြောင့်လေ။ ဒီတရားမဝင် ငါးဖမ်းဆီးတာတွေကို ထိထိရောက်ရောက်အရေးမယူနိုင်တဲ့အပြင် အခုနောက်ပိုင်း ပိုဆိုးလာနေတယ်။ အဲ့တော့ သမာရိုးကျ ငါးဖမ်းသူတွေကျတော့ မရဘူးဖြစ်နေတာ။” ဟု ဟိုင်းကြီးကျွန်းမြို့ရှိ ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းတွင် ပင်လယ်ငါးစည်ဖောင်းခြောက် ထုတ်လုတ်သည့်ငါးများကို ဖျာပုံမြို့နယ်၊ လပွတ္တာမြို့နယ်၊ ဘိုကလေးမြို့ နယ်၊ ကျိုက်လတ်မြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်နှင့် ဟိုင်းကြီးကျွန်းမြို့၊ အမာမြို့များကထွက်ရှိခြင်းဖြစ်ပြီး ယခုနှစ်စည်ဖောင်းထုတ်လို့ရသည့် ငါးများဖမ်းဆီးရရှိမှုလျော့ကျလာခြင်း၊ ဈေးကောင်းမရသည့် အခက်အခဲများအပြင် ငါးကုန်ကြမ်းပါမရသည့် အခက်အခဲပါရှိလာကြောင်း သိရသည်။

ရေလုပ်ငန်းရှင်များနှင့် ရေလုပ်သားများသည် ငါးစည်ဖောင်း ဈေးကောင်းမရသည့်အပြင် ပင်လယ်ထွက် ငါးဖမ်းစရိတ်များ ပိုမိုကုန်ကျလာခြင်း၊ ကျားဖောင်ပြင်ဆင်စရိတ်များ များပြားလာခြင်း၊ စက်သုံးဆီဈေးတက်လာခြင်း၊ လုပ်သားခဈေးများ နှစ်ဆခန့်အထိတက်ခြင်း၊ ပင်လယ်တွင်း ငါးများပျောက်နေခြင်း၊ သဘာဝဘေး မကြာခဏရှောင်ရခြင်း စသည့်အခက်အခဲများလည်း ဖြစ်ပွားနေကြောင်း သိရသည်။

ခန့်ခန့်

ယနေ့ခေတ်

ဧရာဝတီတိုင်းကထွက်သည့် ပင်လယ်ငါးစည်ဖောင်းခြောက်များ ပြည်ပဈေးကွက်သို့ ပြန်လည်မတင်ပို့နိုင်သေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.