ရန်ကုန်၊ အောက်တိုဘာ ၂၉
မန္တလေးတိုင်း၊ အမရပူရမြို့နယ်ရှိ ဦးပိန်တံတား အရှေ့ဘက်ခြမ်းမှ တံတားနှစ်ကန့် ကျိုးကျသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ အောက်တိုဘာ ၂၉ ရက်၊ နေ့လည် ၂ နာရီဝန်းကျင်ခန့်တွင် ခရီးသွားပြည်သူများ သွားလာနေစဥ် ဦးပိန်တံတား အရှေ့ဘက်ခြမ်းရှိ တံတားတိုင်အမှတ် (၃၃၉ / ၃၄၀ / ၃၄၁)တို့မှ တံတားကြမ်းခင်းများ ကျိုးကျခဲ့ကြောင်း သိရသည်။
“ လူသွားလာတာ အရမ်းများတယ်။ ကျိုးကျတော့ ရေထဲကျသွားတဲ့သူတွေ များတယ်လေ။ ပွန်းပဲ့တာလောက်တော့ရှိတယ်။ အရမ်းထိခိုက်တယ်တော့ မကြားသေးပါဘူး။” ဟုဒေသ ခံတစ်ဦးက ပြောသည်။
ယနေ့သည် သီတင်းကျွတ်လပြည့်နေ့ ဖြစ်သည့်အတွက် ဦးပိန်တံတားသို့ လာရောက်လည်ပတ်သူများပြားခဲ့ပြီး တံတားကျိုးကျချိန်၌ လူ ၃၀ ဝန်းကျင်ခန့် တောင်သမန်အင်းရေပြင် အတွင်း ပြုတ်ကျခဲ့ကြောင်း သိရသည်။
အဆိုပါ ဦးပိန်တံတားသည် နှစ်ပေါင်း ၁၆၀ ကျော်သက်တမ်းရှိပြီး ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ငါးကြိမ်ပြုလုပ်ခဲ့ရကြောင်း သိရသည်။
ဦးပိန်တံတားကြီးသည် သက်တမ်းကြာမြင့်နေပြီဖြစ်ပြီး ကြံ့ခိုင်မှုအားနည်းလာကာ ပြုပြင်ထိန်းသိမ်းရန်လိုအပ်နေသည့် တံတားပေါ်ရှိ အခန်း(၅)ခန်းမှ အခန်း အမှတ် ၁၅၁ ၊ ၁၅၂၊ ၁၅၃၊ ၁၅၄၊ ၁၅၅ တို့၌ ရှိနေသည့် တိုင်လုံးများဖြစ်ကြောင်း တံတားပြုပြင်ထိန်းရေးရန် လေ့လာနေသူများက ရေးသားဖော်ပြခဲ့ဖူးသည်။
ဦးပိန်တံတားကြီးကို မြန်မာသက္ကရာဇ် ၁၂၁၁ ခုနှစ်၊ ပုဂံမင်းလက်ထက်က အင်းဝမြို့တော်ဟောင်းမှ ကျွန်းတိုင်များဖြင့် အမရပူရမြို့ဝန် ဘိုင်ဆပ်၏ တပည့်ဖြစ်သူ မြို့စားရေးဦးပိန်မှ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အရှည် ၃၉၈၇ ပေရှည်ပြီး စတင်တည်ဆောက်စဉ်က တိုင်ပေါင်း ၁၀၈၆ တိုင်၊ အခန်းပေါင်း ၄၈၂ ခန်းရှိခဲ့ရာ ယခုအခါ အခန်းပေါင်း ၄၄၇ ခန်းသာရှိ ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
ဂျူဂျူး
ဓာတ်ပုံ – အင်တာနက်
ဦးပိန်တံတား အရှေ့ခြမ်းတွင် တံတားနှစ်ကန့် ကျိုးကျ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်