အွန်လိုင်းလိမ်လည်ဂိုဏ်းများလက်တွင် ပိတ်မိနေသည့် တရုတ်နိုင်ငံသား ၉၀၀ ကျော်ကို မိခင်နိုင်ငံသို့ပြန်ပို့ရန် ကူညီပေးခဲ့ဟု ထိုင်းဝန်ကြီးချုပ် ဆို

ဘန်ကောက်၊ မတ် ၅

ထိုင်းနိုင်ငံအနေဖြင့် ပြီးခဲ့သောသီတင်းပတ်အတွင်းတွင် မြန်မာနိုင်ငံရှိ အွန်လိုင်းအသုံးပြုကာ လိမ်လည်မှုများကျူးလွန်နေသော ဂိုဏ်းများလက်ထဲတွင် ပိတ်မိနေသည့် တရုတ်နိုင်ငံသား ၉၀၀ ကျော်ကို မိခင်နိုင်ငံသို့ပြန်ပို့နိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်က ပြောသည်။

မြန်မာနိုင်ငံအပါအဝင် အာဆီယံဒေသသည် အွန်လိုင်းအသုံးပြုကာ လိမ်လည်မှုကျူးလွန်သောဂိုဏ်းများ၏ အဓိကကျသော နေရာတစ်ခုဖြစ်နေကြောင်း၊ အွန်လိုင်းအသုံးပြုကာလိမ်လည်မှုကျူးလွန်နေသည့်ဂိုဏ်းများသည် လူပေါင်းများစွာကို လူကုန်ကူးခြင်း၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် အတင်းကြပ်ခိုင်းစေခြင်းနှင့် အခြားတရားမဝင်လုပ်ငန်းများကို လုပ်ကိုင်စေခြင်းများကို ခိုင်းစေခဲ့ကြောင်း ကုလသမဂ္ဂက ဆိုသည်။

ထိုင်းရဲတပ်ဖွဲ့သည် တရုတ်နိုင်ငံသားများကို မြန်မာနိုင်ငံ၊ မြဝတီမြို့မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ခေါ်ဆောင်ခဲ့ပြီး ထိုမှတဆင့် တရုတ်လေယာဉ်များဖြင့် မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ်က “ တရုတ်နိုင်ငံသား ၉၀၀ ကိုမိခင်နိုင်ငံကို ပြန်ပို့နိုင်ဖို့ ထိုင်း၊ မြန်မာနဲ့ တရုတ်အစိုးရတို့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ ဒီလုပ်ငန်းစဉ်ဟာ လူသားချင်းဆိုင်ရာအကူအ ညီပေးရမယ်ဆိုတဲ့အချက်ကိုအခြေခံပြီး စိတ်လိုလက်ရ ကူညီပေးခဲ့တာဖြစ်ပါတယ်။ အတင်းကြပ်ခိုင်းစေလို့ လုပ်ကိုင်တာမျိုးမဟုတ်ဘူး။” ဟု ပြောသည်။

ထိုင်းရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲဖြစ်သူ ရဲချုပ်ကြီး ဆူရာချက် ဟတ်ပန်ကလည်း အွန်လိုင်းလိမ်လည်မှုဂိုဏ်းများလက်ထဲတွင် ပိတ်မိနေသည့် တရုတ်နိုင်ငံသား ၉၀၀ ကျော်ကို ဖေ ဖော်ဝါရီ ၂၉ ရက်နေ့မှ မတ်လ ၂ ရက်နေ့အထိ သုံးရက်အတွင်း လေကြောင်းခရီးစဉ် ၁၅ ကြိမ်ဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် တစ်စုံတရာ တုံ့ပြန်ပြောဆိုခြင်းမျိုးမရှိသလို မြန်မာအစိုးရ ပြောရေးဆိုခွင့်ရှိသူကလည်း တစ်စုံတရာမှတ်ချက်ပြုပြောဆိုခြင်းမရှိခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ကောင်းထက်ငွေ

asiafinancial.com

အွန်လိုင်းလိမ်လည်ဂိုဏ်းများလက်တွင် ပိတ်မိနေသည့် တရုတ်နိုင်ငံသား ၉၀၀ ကျော်ကို မိခင်နိုင်ငံသို့ပြန်ပို့ရန် ကူညီပေးခဲ့ဟု ထိုင်းဝန်ကြီးချုပ် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.