ယူနန်၊ နိုဝင်ဘာ ၁၇
မြန်မာနိုင်ငံမြောက်ပိုင်းတွင် တရားမဝင်နေထိုင်နေသော တရုတ်နိုင်ငံသားများကို လာမည်ဒီဇင်ဘာ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး တရုတ်နိုင်ငံသို့ ပြန်လာအဖမ်းခံရန် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရဲတပ်ဖွဲ့က တိုက်တွန်းလိုက်ကြောင်း သိရသည်။
ယူနန်ပြည်နယ်ရဲတပ်ဖွဲ့က တရုတ်နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ် ဘေးကင်းရန်နှင့် အွန်လိုင်းမှတဆင့် လိမ်လည်နေသော ရာဇဝတ်ဂိုဏ်းများကို ဖြိုခွင်းမှုများ ဆက်လက် လုပ်ဆောင်ရန် စီစဉ်နေရာ မြန်မာနိုင်ငံ မြောက်ပိုင်းတွင် တရားမဝင်နေထိုင်နေသည့် တရုတ်နိုင်ငံသားများကို မိခင်နိုင်ငံသို့ ပြန်လာအဖမ်းခံရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း တရုတ် အခြေစိုက် မီဒီယာများတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံသာများသည် မိခင်နိုင်ငံသို့ ပြန်မလာခင် သက်ဆိုင်ရာရဲတပ်ဖွဲ့ထံ အနည်းဆုံး ၇ ရက် ကြိုတင်အကြောင်းကြားရမည်ဖြစ်ကြောင်း၊ တရားဝင်လမ်းကြောင်းမှ တရုတ်နိုင် ငံသို့ ပြန်လာရမည်ဖြစ်ကြောင်း တရုတ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံမြောက်ပိုင်းတွင် တရားမဝင်နေထိုင်ကာ အွန်လိုင်းမှတဆင့် လိမ်လည်သည့် လုပ်ငန်းများတွင် ပါဝင်ခဲ့သော တရုတ်နိုင်ငံသားများအနေဖြင့် မိခင်နိုင်ငံသို့ ပြန်လည်ရောက် ရှိချိန်တွင် သက်ဆိုင်ရာရဲတပ်ဖွဲ့ထံ ချက်ချင်းအသိပေး အကြောင်းကြားရမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသောအချိန်အတွင်း ပြန်လာသော တရုတ်နိုင်ငံသားများကို သက်ညှာသော ပြစ်ဒဏ် သို့မဟုတ် လျော့ပေါပြစ်ဒဏ်များ ပေးမည်ဖြစ်သလို ပြစ်ဒဏ်ကင်းလွတ်ခွင့်လည်း ပေးမည်ဖြစ်ကြောင်း ယူနန်ရဲတပ်ဖွဲ့က ပြောသည်။
မြန်မာနိုင်ငံမြောက်ပိုင်းတွင် တရားမဝင်နေထိုင်နေသော တရုတ်နိုင်ငံသားများသည် ရဲတပ်ဖွဲ့၏ အကြံပြုချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပဲ အမှန်တိုင်းဝန်ခံရန် ပျက်ကွက်မည် ဆိုလျှင် ၎င်းတို့ကျူးလွန်ခဲ့သောအမှုများကို သေသေချာချာစစ်ဆေးပြီး ဥပဒေအတိုင်း အရေးယူဆောင်ရွက်မည်ဟု ယူနန်ပြည်နယ် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံမြောက်ပိုင်းတွင် တရားမဝင်နေထိုင်နေကာ အွန်လိုင်းမှတဆင့် လိမ်လည်မှုကျူးလွန်နေသည့် တရုတ်နိုင်ငံသားများ၏ မိသားစုဝင်များသည် လုံခြုံရေးအဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်သင့်သလို ဒေသခံများအနေဖြင့်လည်း လိုအပ်သောသတင်းပေးမှုများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ယူနန်ပြည်နယ်ရဲတပ်ဖွဲ့က တိုက်တွန်းထားသည်။
chinadaily.com.cn
အွန်လိုင်းမှလိမ်လည်မှုကျူးလွန်နေသည့် တရုတ်နိုင်ငံသားများ ဒီဇင်ဘာ ၃၁ ရက်နေ့အတွင်း လာရောက်အဖမ်းခံရန် ယူနန်ရဲတပ်ဖွဲ့ တိုက်တွန်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်