ဘေဂျင်း၊ ဧပြီ ၂
မြန်မာရဲတပ်ဖွဲ့သည် အွန်လိုင်းမှတဆင့် လိမ်လည်မှုများကျူးလွန်နေသူများအဖြစ် သံသယရှိသော တရုတ်နိုင်ငံသား ၃၅၂ ဦးကို မတ်လ ၃၁ ရက်နေ့တွင် ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း တရုတ်ပြည်သူရေးရာ လုံခြုံရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံ၊ မူဆယ်မြို့တွင် တရုတ်ရဲတပ်ဖွဲ့ နှင့် မြန်မာရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး အွန်လိုင်းမှတဆင့် လိမ်လည်မှုကျူးလွန်နေသူများကို ဖမ်းဆီးနိုင်ရန် ကြိုးပမ်းချိန်အတွင်း နယ်စပ်ဒေသတွင် အွန်လိုင်းမှတဆင့် လိမ်လည်မှုကျူးလွန်နေသူများအဖြစ် သံသယရှိသူ ၈၀၇ ဦးကို ပြီးခဲ့သောရက်ပိုင်းတွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
မြန်မာရဲတပ်ဖွဲ့သည် အဆိုပါ ဖမ်းဆီးရမိခဲ့သူ ၈၀၇ ဦးအနက်မှ ၃၅၂ ဦးကို တရုတ်အာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း တရုတ်ပြည်သူရေးရာ လုံခြုံရေးဝန်ကြီးဌာနက ပြောသည်။
ဖမ်းဆီးရမိသူထဲတွင် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားများပါဝင်ခဲ့ပြီး မြန်မာနိုင်ငံသား ၄၅၅ ဦးကို မြန်မာရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
တရုတ်ရဲတပ်ဖွဲ့ နှင့် မြန်မာရဲတပ်ဖွဲ့တို့သည် ပြီးခဲ့သောရက်ပိုင်းတွင် မူဆယ်မြို့ရှိ သံသယရှိသောနေရာများကို ဝင်ရောက်စီးနင်းခဲ့ပြီး အွန်လိုင်းမှတဆင့် လိမ်လည်မှုကျူးလွန်နေသူများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက WeChat မှတဆင့် သတင်းထုတ်ပြန်ထားသည်။
မြန်မာရဲတပ်ဖွဲ့သည် အွန်လိုင်းမှတဆင့် လိမ်လည်မှုကျူးလွန်နေသူများကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့အသုံးပြုသော ကွန်ပျူတာများ၊ မိုဘိုင်းလ်ဖုန်းများအပြင် လိမ်လည်မှုကျူးလွန်ရာတွင်အသုံးပြုသော စာရွက်စာတမ်းများကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ အွန်လိုင်းအသုံးပြုကာ လိမ်လည်မှုကျူးလွန်မှုများတွင် ပါဝင်နေသူ တရုတ်နိုင်ငံသား ၄၀,၀၀၀ ကျော်ကို ပြီးခဲ့သောနှစ်တွင် တရုတ်အာဏာပိုင်များထံ ပြန်လည်လွှဲပြောင်းပေးခဲ့ဖူးကြောင်း သိရသည်။
ကောင်းထက်ငွေ
cgtn.com/news
အွန်လိုင်းမှတဆင့် လိမ်လည်မှုကျူးလွန်သော တရုတ်နိုင်ငံသား ၃၅၂ ဦးကို မြန်မာရဲတပ်ဖွဲ့က ပြန်လည်လွှဲပြောင်းပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်