အွန်လိုင်းငွေလိမ်ဂိုဏ်းတွင် ပါဝင်သည်ဆိုကာ ဝ အရာရှိဆိုသူနှစ်ဦးကို တရုတ်က ဖမ်းဝရမ်းထုတ်

ရန်ကုန်၊ အောက်တိုဘာ ၁၃

အွန်လိုင်းငွေလိမ်ဂိုဏ်းတွင် ပါဝင်သည်ဆိုကာ ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်ဖွဲ့ (UWSA)၏ အရာရှိဆိုသူနှစ်ဦးကို တရုတ်နိုင်ငံ၊ ကူမင်းမြို့နှင့် ဟန်ကျိုးမြို့တို့ရှိ အများပြည်သူ လုံခြုံရေးဌာနမှ ဖမ်းဝရမ်းထုတ်ကာ ဖမ်းဆီးပေးသူအား ဆုငွေပေးမည်ဟု ကြေညာထားကြောင်း တရုတ်မီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။

ဖမ်းဝရမ်းထုတ်ခံရသူနှစ်ဦးအနက် တစ်ဦးမှာ ဝ ပြည်နယ်အစိုးရ ဆောက်လုပ်ရေးဌာနကြီးမှူးဖြစ်သူ ပေါက်အိုက်ပန်း(ခ) ပေါက်ယန်ပန်(ခ) ချန်ယန်ပန် ဆိုသူဖြစ်ပြီး ၎င်းမှာ ဝ အဖွဲ့၏ ခေါင်းဆောင် ပေါက်ယူချန်း၏ တူတော်စပ်သူဖြစ်ကာ ယခင်က ဝ လက်နက်ကိုင်အဖွဲ့၏ အမှတ် ၄၆၈ တပ်မဟာမှူးတာဝန်အား ထမ်းဆောင်ခဲ့သူဟု သတင်းဖော်ပြချက်အရ သိရ သည်။

နောက်တစ်ဦးမှာ ဝ နယ် မိုင်းလင်းခရိုင်မှူး၊ ရှောက်ဟော်(ခ) အိုက်ဟော်(ခ) ဟော်ချွင်ထင် ဆိုသူဖြစ်ပြီး ၎င်းမှာ ဝ အဖွဲ့၏ခေါင်းဆောင် ပေါက်ယူချန်း၏ သမက်ဟောင်းဖြစ်ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။

၎င်းတို့နှစ်ဦးမှာ ကျားဖျန့်ဟုခေါ်သည့် အွန်လိုင်းမှ ငွေကြေးလိမ်လည်သည့် ဂိုဏ်းများနှင့် ဆက်စပ်နေသူများဖြစ်သည်ဟုဆိုထားပြီး သူတို့နှစ်ဦးအား ဖမ်းဆီးပေးပါက တရုတ်ယွမ်ငွေ တစ်သိန်းမှ ငါးသိန်းအထိဆုချီးမြှင့်မည်ဟု တရုတ်ဘက်မှ ကြေညာထားကြောင်း သိရသည်။

ထိုသတင်းအပေါ် မေးမြန်းနိုင်ရန် လားရှိုးမြို့အခြေစိုက် ဝ တပ်ဖွဲ့(UWSA) ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းထံ ယနေ့ခေတ်မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ယနေ့ညနေပိုင်း အထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိုဖြစ်စဉ်အပေါ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးဘက်မှလည်း ယနေ့ညနေပိုင်းအထိ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်ကလည်း ကိုးကန့်ရှိ မြန်မာနိုင်ငံသား တရုတ်လူမျိုးလုပ်ငန်းရှင်များ တရုတ်အမျိုးသားအောင်ပွဲနေ့အခမ်းအနား တက်ရောက်ရန် တရုတ်နိုင်ငံသို့ သွားရောက်စဉ် ထိုအထဲမှ ၁၁ ဦးမှာ ကျားဖျန့် ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်နှင့် ဆက်စပ်နေသည်ဆိုကာ ယူနန်ပြည်နယ်၊ လင်ချန်းမြို့၌ တရုတ်ရဲတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။

ထိုဖမ်းဆီးခံရသူ ၁၁ ဦး ပြန်လည်လွတ်မြောက်စေရန် ၎င်းတို့၏ မိသားစုများက တရုတ်အစိုးရထံ ဆက်သွယ်၍ကူညီပေးပါရန် နစကထံ အကူအညီတောင်းခံထားသည်ဟု အတည် မပြုနိုင်သောသတင်းများအရ သိရသည်။

လက်ရှိ၌ တရုတ်နိုင်ငံတွင် အွန်လိုင်းရာဇဝတ်များ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိကာ ထိုရာဇဝတ်မှုများမှာ မြန်မာ၊ ထိုင်းအပါအဝင် ၎င်း၏အိမ်နီးချင်း နိုင်ငံအချို့မှတစ်ဆင့်လည်း ဖြစ် ပေါ်နေကြောင်း သုံးသပ်မှုများရှိ၍ တရုတ်အစိုးရ တာဝန်ရှိသူများက အိမ်နီးချင်းနိုင်ငံအစိုးရများအား အွန်လိုင်းရာဇဝတ်ဂိုဏ်းများကို နှိမ်နင်းရန် ဖိအားပေးမှုများရှိနေကြောင်း နိုင်ငံ တကာသတင်းများအရ သိရသည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း ထိုစဉ်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ချင်ကန်း၏ နေပြည်တော်သို့ လာရောက်သည့်ခရီးစဉ်၌ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် တရားမဝင် လုပ်ငန်းများ လုပ်ကိုင်နေသူများအား အရေးယူရန် နစကဥက္ကဌအား ပြောဆိုခဲ့ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ထို့ပြင် ပြီးခဲ့သည့်လများအတွင်းက ငွေကြေးလိမ်လည်မှုများ လုပ်ဆောင်နေသည်ဆိုသူ ဝ နှင့် ကိုးကန့်ဒေသများမှ တရုတ်နိုင်ငံသားထောင်ချီကို ဒေသအာဏာပိုင်များက ဖမ်းဆီး၍ တရုတ်နိုင်ငံထံ ပို့ဆောင်ပေးခဲ့ပြီး မြန်မာရဲတပ်ဖွဲ့မှလည်း ဖမ်းဆီးရမိသည်ဟုဆိုသူ အွန်လိုင်းငွေကြေးလိမ်လည်နေသည့် တရုတ်နိုင်ငံသား ၅၀ ထက်မနည်းကို ဖမ်းဆီး၍ ရန်ကုန် လေဆိပ်၌ တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့သည်ဟု ရန်ကုန်မြို့အခြေစိုက် တရုတ်သံရုံး၏ တရားဝင်သတင်းထုတ်ပြန်ထားချက်များအရ သိရသည်။

မောင်ဇော်

Photo – China media

#ယနေ့ခေတ်

အွန်လိုင်းငွေလိမ်ဂိုဏ်းတွင် ပါဝင်သည်ဆိုကာ ဝ အရာရှိဆိုသူနှစ်ဦးကို တရုတ်က ဖမ်းဝရမ်းထုတ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.