အုန်းမှုတ်ခွက်မီးသွေးထုတ်ရန် မြန်မာ့အုန်းသီးအား တရုတ်ဝယ်လက်များ ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၆

အုန်းသီးမှ အုန်းမှုတ်ခွက်မီးသွေးထုတ်လုပ်ရန် မြန်မာ့အုန်းသီးကို တရုတ်ကဝယ်သဖြင့် အဝယ်လိုက်နေကြောင်း အုန်းသီးရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

“ အုန်းမှုတ်ခွက် မီးသွေးဆိုတာရှိတယ်။ သူကလည်း ပြည်ပဈေးကွက်ကို တော်တော်တိုးတာပေါ့။” ဟု ပုသိမ်မြို့ရှိ အုန်းသီးရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောသည်။

အုန်းမှုတ်ခွက်မီးသွေးသည် အုန်းသီးမှ အသားကိုထုတ်ယူကာ ကျန်ရှိသည့်အခွံကို မီးသွေးဖုတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ အဲ့ဒါက ပြည်ပဈေးကွက်မှာ တော်တော်လေးတွင်ကျယ်တယ်။ တရုတ်က ရသလောက်ဝယ်နေတာ။ အဲဒီဈေးကွက်က နည်းနည်းကြီးတယ်။” ဟု အုန်းသီးရောင်းဝယ်ရေး လုပ်ကိုင် သူတစ်ဦးက ဆိုသည်။

လာမည့် နွေဦးပေါက်ကာလတွင် အုန်းသီးဈေးနှုန်းများ တက်လာနိုင်ပြီး ဝယ်လိုအားများ ဆက်လက်မြင့်တက်နိုင်ကြောင်းလည်း အုန်းသီးရောင်းဝယ်ရေး လုပ်ကိုင်သူများထံမှ သိရ သည်။

မြန်မာ့အုန်းသီးဈေးကွက်တွင် မန္တလေးဈေးကွက်မှာ အကြီးဆုံးဖြစ်ပြီး တရုတ်၊ ထိုင်းနှင့် ဘင်္ဂလားဒြေရှ်နိုင်ငံတို့က မန္တလေးမှတစ်ဆင့် ဝယ်ယူမှုများရှိကြောင်း သိရသည်။

“ မန္တလေးကတစ်ဆင့် တရုတ်ပြည်ကိုသွားတယ်။ မြဝတီကတစ်ဆင့် ထိုင်းဘက်ကိုသွားတယ်။ ဘင်္ဂလားဒေ့ရှ်ကလည်း တက်ဝယ်တယ်။ သူတို့က သင်္ဘောတွေမှာ တက်ဝယ်တာ။ ပြည်ပကိုပို့တာတော့ ရာသီချိန်ပေါ့။ မိုးကုန်မှ ပြည်ပကိုထွက်တာ။ မိုးမကုန်မချင်းကတော့ ပြည်တွင်းမှာပဲ ရောင်းတယ်။” ဟု နှစ်စဉ် အုန်းသီးတန်ချိန် ထောင်ကျော်ရောင်းချနေသည့် အုန်းသီးရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

မီးသွေးထုတ်လုပ်ရန် အုန်းခွံစွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုခြင်းဖြစ်ပြီး အုန်းခွံမီးသွေးဖုတ်စက်ကို အသုံးပြုပါက မီးသွေးကြမ်းများကို မီးသွေးလုံးများ၊ မီးသွေးချောင်းများ၊ မီးသွေးအုတ်များ၊ မီးသွေးတုံးများ စသည်တို့ကို မီးသွေးပုံစံအမျိုးမျိုးသို့ ပြောင်းလဲပေးကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

အုန်းမှုတ်ခွက်မီးသွေးထုတ်ရန် မြန်မာ့အုန်းသီးအား တရုတ်ဝယ်လက်များ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.