အုတ်ဖိုမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး နေအိမ်၌ပစ်ခတ်ခံရပြီး သေဆုံး

အုတ်ဖို၊ သြဂုတ် ၂၇

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဒေါင်းစပါးကျေးရွာအုပ်စု၊ ကွေ့ချောင်းကျေးရွာတွင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

သြဂုတ် ၂၆ ရက် မနက်ပိုင်းက အမည်မသိအမျိုးသား ၂ ဦးသည် အုတ်ဖိုမြို့ နယ်၊ ဒေါင်းစပါးကျေးရွာအုပ်စု၊ ကွေ့ ချောင်းကျေးရွာနေ ကြံ့ခိုင်ရေးပါတီဝင် ကိုမျိုးဇော်အောင် (၃၅)နှစ် ၏ နေအိမ်သို့ရောက်ရှိလာပြီး ၎င်းအားသေနတ်ဖြင့်ပစ်ခတ်၍ ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ကိုမျိုးဇော်အောင်မှာ ကျည်ထိမှန်ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ မနေ့ မနက်က ပစ်သတ်ခံရတာ။ သူက ကြံ့ခိုင်ရေးပါတီ ရပ်/ကျေးစည်းရုံးရေး မှူးပါ။ သူ့အိမ်မှာထိုင်နေတုန်း အမည်မသိသေနတ်သမား ၂ ယောက် သေနတ်နဲ့လာပစ်လို့ နေရာတင် သေသွားတာ။” ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးအဖွဲ့ဝင်များက လာရောက်စစ်ဆေးကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ် ၁၈ ရက်ကလည်း အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာ၊ ရဲကင်းစခန်းအနီးတွင် ကိုသောင်းလေးဆိုသူ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးခဲ့သေးကြောင်း သိရသည်။

#ဝဏ္ဏ

#ယနေ့ခေတ်

အုတ်ဖိုမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး နေအိမ်၌ပစ်ခတ်ခံရပြီး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.