ရန်ကုန်၊ အောက်တိုဘာ ၂၁
ရန်ကုန်-မန္တလေးလမ်းဟောင်း အုတ်တွင်းမြို့နယ်တွင် အောက်တိုဘာ ၂၀ ရက်၊ ည ၁၁ နာရီခွဲက Max အအေးကဒ်များနှင့် ရေကဒ်များတင်ဆောင်လာသော ၁၂ ဘီးယာဥ်က ကြက် စာများတင်လာသည့် တွဲကား၏အနောက်ပိုင်းအား ဝင်တိုက်မိခဲ့ခြင်းကြောင့် ၁၂ ဘီးယာဥ်မောင်း သေဆုံးသွားကြောင်း ရင်ခုန်သံရှင်/ကူအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
“ ညကဖြစ်စဉ်လေးပါ။ ယာဥ်တိုက်မှုက အလွန်ပြင်းထန်ပါတယ်။ ကျွန်တော်တို့ မောလဲမော၊ အိပ်လဲအိပ်ချင် ကားဆရာကို ဘယ်လိုကယ်ထုတ်ရမယ်မှန်းမသိအောင်ပါပဲဗျာ။ ကားဆရာရဲ့အသက်ကို မကယ်ထုတ်နိုင်လိုက်တာ ဝမ်းအနည်းဆုံးပါပဲ။ တိုက်မိတဲ့အရှိန်နဲ့ ၁၂ ဘီးကားခေါင်းခန်းက နှစ်ခြမ်းကွဲသွားတယ်။ ကားဆရာက ခေါင်းခန်းထဲမှာ ညပ်သွား တယ်။ အခင်းဖြစ်တဲ့နေရာကို ရောက်တဲ့အချိန်မှာ ကားဆရာက အသက်ရှိသေးတယ်။ ကြိုးစားပြီး ကယ်ဆယ်ရေးလုပ်နေတဲ့အချိန် ည ၁၂ နာရီခွဲလောက်မှာ သေဆုံးသွားတာပါ။ တိုက်ချက်ပြင်းတဲ့အတွက် မနက် ၄ နာရီခွဲလောက်မှ သေဆုံးသွားတဲ့ ကားဆရာရဲ့ Dead Body ကို အပြင်ထုတ်လို့ရခဲ့တယ်။” ဟု ရင်ခုန်သံရှင်/ကူအသင်းက တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါ ၁၂ ဘီးယာဥ် ခေါင်းခန်းအတွင်း ညပ်မိပြီးသေဆုံးသူ ယာဥ်မောင်း၏ ရုပ်အလောင်းကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ရင်ခုန်သံရှင်/ကူအသင်းတို့က ကယ်ဆယ်ရေးပစ္စည်းအစုံဖြင့် သယ်ထုတ်ပေးခဲ့ကြောင်း သိရသည်။
ယာဥ်တိုက်မှု အရှိန်ပြင်းထန်သဖြင့် ၁၂ ဘီးယာဥ်နှင့် တွဲကားတို့အား ခွာထုတ်မှုမရရှိခြင်းကြောင့် ကရိန်းကားအကူအညီရယူပြီး ကားချင်းခွာထုတ်ပြီး ရုပ်အလောင်းကို အုတ်တွင်းမြို့ နယ် ပြည်သူ့ဆေးရုံကြီးသို့ ရင်ခုန်သံရှင်/ကူအသင်း၏ မော်တော်ယာဥ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
အုတ်တွင်းမြို့နယ်တွင် ၁၂ ဘီးယာဥ်က တွဲကားအားဝင်တိုက် ၁၂ ဘီးယာဥ်မောင်း သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်