ဝါရှင်တန်၊ ဖေဖော်ဝါရီ ၅
အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ အိရန်နိုင်ငံ၏အထောက်ပံ့ကို ရယူနေသော လက်နက်ကိုင်အဖွဲ့စည်းများကို တိုက်ခိုက်မှုများ ထပ်မံလုပ်ဆောင်မည်ဖြစ်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ အကြံပေးဖြစ်သူ ဂျိတ်ဆူလီဗန်က ထုတ်ဖော်ပြောဆိုလိုက်သည်။
ဖေဖော်ဝါရီ ၂ ရက်နေ့နှင့် ၃ ရက်နေ့တို့တွင် ယီမင်၊ ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့ရှိ လက်နက်ကိုင်အဖွဲ့များကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ဂျိတ်ဆူလီဗန်က ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဂျော်ဒန်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းမှ အမေရိကန်တပ်ဖွဲ့ဝင်များ သေဆုံး၊ ဒဏ်ရာရမှုများရှိခဲ့ပြီးနောက် အမေရိကန်အစိုးရက ပြန်လည်တုံ့ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
ဂျိတ်ဆူလီဗန်က “ အမေရိကန်တပ်ဖွဲ့ဝင်တွေဟာ တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမှာပါ။ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရမယ်ဆိုရင် လက်တုံ့ပြန်တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်။” ဟု ပြောသည်။
ဂျိတ်ဆူလီဗန်က “ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုတွေက အစပဲရှိသေးတယ်။ မပြီးဆုံးသေးဘူး၊ တုံ့ပြန်မှုတွေက အဆင့်များစွာရှိတယ်။ အချို့တုံ့ပြန်မှုတွေက သိသာထင်ရှားစွာမြင်နိုင်ပေမယ့် အချို့တုံ့ပြန်မှုတွေကို မမြင်နိုင်တာမျိုးတွေလည်းရှိမှာပါ။” ဟု ထပ်မံပြောဆိုသည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း အမေရိကန်စစ်သားတစ်ဦး သေဆုံးမည်ဆိုလျှင် တိုက်ခိုက်မှုများကို လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း သတိပေးပြောဆိုထားသည်။
အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲများစတင်ခဲ့ပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့များသည် အစ္စရေးနှင့် အမေရိကန်တပ်ဖွဲ့ဝင်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ အရှေ့အလယ်ပိုင်းဒေသအတွင်း တင်းမာမှုအရှိန် မြင့်တက်လာခဲ့ကြောင်း သိရသည်။
အမေရိကန်သည် ပြီးခဲ့သောရက်ပိုင်းက ဆီးရီးယားနှင့် အီရတ်ရှိ ပစ်မှတ်ပေါင်း ၈၅ ခုနှင့် ယီမင်နိုင်ငံရှိ ပစ်မှတ်ပေါင်း ၄၀ ကျော်ကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ကောင်းထက်ငွေ
cnbc.com
အီရန်လက်အောက်ခံ လက်နက်ကိုင်အဖွဲ့စည်းများကို ထပ်မံတိုက်ခိုက်မည်ဟု အမေရိကန်အစိုးရ သတိပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်