အီရန်ပိုင်နက်များကို ပါကစ္စတန်စစ်တပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

အစ္စလာမ်မာဘတ်၊ ဇန်နဝါရီ ၁၈

ပါကစ္စတန်အစိုးရသည် အီရန်နိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီးတွေကို ပြန်လည်ခေါ်ယူခဲ့ပြီးနောက် ရက်ပိုင်းအကြာ ဇန်နဝါရီ ၁၈ ရက်နေ့က အီရန်နယ်စပ်ဒေသဖြစ်သော စစ်စတန် ဘလူချီစတန်အခြေစိုက် လက်နက်ကိုင်အဖွဲ့များကို ပစ်မှတ်ထားပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက အီရန်နယ်စပ်ဒေသရှိ လက်နက်ကိုင်အဖွဲ့များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက “ ပါကစ္စတန်ဟာ အီရန်နိုင်ငံရဲ့ ပိုင်နက်နယ်မြေတွေနဲ့ အချုပ်အခြာအာဏာတွေကို အပြည့်အဝလေးစားလိုက်နာပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ လုံခြုံရေးအတွက် အခုလိုမျိုးတိုက်ခိုက်ခဲ့တာပါ၊” ဟု ပြောသည်။

အီရန်နိုင်ငံသည် ၎င်း၏ရဲတပ်ဖွဲ့ဝင်များ သေဆုံးမှုနဲ့ပတ်သက်ပြီး ပြီးခဲ့သည့်ရက်ပိုင်းက ပါကစ္စတန်နယ်စပ်ဒေသရှိ Jaish al-Adl ဂျိုင်ရှာ အယ်ဒယ် လက်နက်ကိုင်အဖွဲ့ကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ နှစ်နိုင်ငံကြားတင်းမာခဲ့ပြီး ပိုင်နက်များကို အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အီရန်နိုင်ငံပိုင် မီဒီယာများက ပါကစ္စတန်နိုင်ငံ၏ တိုက်ခိုက်မှုကြောင့် ဆာရာဗန်ဒေသတွင် အီရန်နိုင်ငံသားမဟုတ်သူ ၇ ဦးသေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မန်တက်ဇ် ဇာရာ ဘလော့ချ်က “ အီရန်နိုင်ငံရဲ့ တရားမဝင်လုပ်ရပ်တွေကို တုံ့ပြန်ဖို့အခွင့်ရေးရှိတယ်။ အီရန်ဟာ အကျိုးဆက် တွေကို ပြန်လည်ရင်ဆိုင်ရမယ်။ အီရန်ရဲ့ပစ်ခတ်မှုတွေဟာ ပါကစ္စတန် အချုပ်အခြာပိုင်နက်တွေကို ချိုးဖောက်ခဲ့တာဖြစ်တယ်။” ဟု ပြောသည်။

အီရန်နှင့် ပါကစ္စတန်တို့သည် အခြားနိုင်ငံအပေါ် ရန်လိုသော လက်နက်ကိုင်အုပ်စုများကို လက်ခံခွင့်ပြုထားခြင်းနှင့်ပတ်သက်ပြီး နှစ်နိုင်ငံကြား အပြန်အလှန်အငြင်းပွားမှုများ စွပ်စွဲ မှုများ ဖြစ်နေဆဲဖြစ်ကြောင်း သိရသည်။

ပါကစ္စတန်သည် အီရန်နိုင်ငံအတွင်းရှိ လက်နက်ကိုင်အဖွဲ့စည်းများကို JF-17 အမျိုးစား တိုက်လေယာဉ်များ၊ J-10C အမျိုးအစား တိုက်လေယာဉ်များ အသုံးပြုကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကောင်းထက်ငွေ

eurasiantimes.com

အီရန်ပိုင်နက်များကို ပါကစ္စတန်စစ်တပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.